Tuesday, April 14, 2015



ကျွန်တော် နှစ်ပေါင်းများစွာ “အစည်းအဝေး” အဖြစ်သိထားတဲ့ ဆန်းကြယ်ပြီးမနှစ်မြို့ဖွယ်အရာကြီးမှာ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ ကျွန်တော်သတိထားခဲ့မိတာကတော့ အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေဟာ ရာထူးပိုမိုတိုးတက်စေရေးမှာ အရေးပါတယ်ဆိုတာပါပဲ ။ 

သင်ဒီအကြောင်းတွေးကြည့်ရင် အဓိပ္ပာယ်သိလာပါလိမ့်မယ်။ အစည်းအဝေးတွေဟာ အများနဲ့ဆိုင်သော 'စင်မြင့်' တစ်ခုလည်း ဖြစ်ပါတယ်။ ဌာနမျိုးစုံနဲ့ ၀ါရင့်ပုဂ္ဂိုလ်တွေ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ မကြာခဏ ဆိုသလို သင်လည်း ဒီစင်ပေါ်ရောက်နိုင်ပါတယ်။ သင့်ရဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆက်ဆံနိုင်တဲ့ အရည်အချင်းကို အဆုံးအဖြတ်ပေးကြမှာပါ။ သင့်အပေါ် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှု တိုးလာအောင်လုပ်နိုင်သလို လျော့သွားအောင်လည်း လုပ်နိုင်ပါတယ်။ အဲ့ဒါကြောင့် အစည်းအဝေးတွေမှာ ပုံမှန်ကောင်းမွန်စွာပြုမူဆောင်ရွက်ခြင်းဖြင့် နာမည်ကောင်းရစေခြင်းဟာ သင်အပေါ်မှာလူအများထားရှိတဲ့ ကောင်းမွန်တဲ့အမြင် နဲ့ ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းပေးထားနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ကျွမ်းကျင်အတတ်ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော် ဒါကို သဘောပေါက်ခဲ့တာပေါ့။ ဒါပေမယ့်လည်း ဒါကိုကျွမ်းကျင်နားလည်လာဖို့ အမှားတွေအများကြီးနဲ့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာပါ။ အခု ကျွန်တော်က ကျွန်တော့်အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေမှာ ၀ါအရင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတဲ့အခါ သက်တမ်းနုသေးတဲ့ လုပ်ဖော်ကိုင်ဖက်လေးတွေ ကျွန်တော်တစ်ချိန်က အပြုသဘောနဲ့လုပ်ဆောင် ခဲ့တဲ့အတိုင်းပဲ ကြိုးကြိုးစားစားလုပ်နေကြတာ မြင်ရတယ်ဗျ။ ဒီအချက်ကပဲ အစည်းအဝေးတွေမှာ လူတွေပိုပြီးထိရောက်လာအောင် ကျွန်တော်နားလည်သဘောပေါက်ထားတဲ့ အဓိကအပြုအမူ (၅) ရပ်ကို ဆွေးနွေးသင့်တယ်လို့ ထင်မိစေပါတယ်။

၁။ အဓိက သိစေလိုသည့်အချက်များ (Key message)
အချိန်အကန့်အသတ်ရှိသည်ကို အမြဲသတိထားပါ။ အမှန်တစ်ကယ် အလုပ်ကြိုးစားလုပ်ဆောင်သူများသည် အသေးစိတ်အချက်များကို အချိန်ရှည်ကြာစွာပြောကြားနေသောကြောင့် နောက်ဆုံးတွင် သူတို့ကို သဘာပတိက စကားစဖြတ်ရန်သတိပေးရသည် အထိဖြစ်တတ်ပါသည်။ စကားနဲနဲပြောခြင်းသည် ပိုမိုထိရောက်ကြောင်း မှတ်သားထားပါ။

ကြိုတင်ပြင်ဆင်သည့်အခါ သင်ပေးချင်သော အဓိကအကြောင်းအရာများ (key messages) ကို သက်မှတ်ထား၍ လုံလောက်ရုံ အသေးစိတ်အချက်အလက်များကို ကျိုးကြောင်းဆီလျော်သော မေးခွန်းများပေါ်ထွက်လာရန်သာ ပြောဆို ဆွေးနွေးပါ။ အဆိုပါမေးခွန်းများကိုဖြေဆိုခြင်းဖြင့် သင်သိထားသည့် အကြောင်းအရာများကို ထုတ်ဖော်ပြသနိုင်ရန် အခွင့်အလမ်းရရှိမည်ဖြစ်သည်။

၂။ သေချာမှုနှင့် ယုံကြည်မှု
သင်သည် ၀ါရင့်ခေါင်းဆောင် သို့မဟုတ် အစည်းအဝေး သဘာပတိ တစ်ယောက်အနေဖြင့် အံ့အားသင့်စရာများကို ကြိုက်နှစ်သက်မည်မဟုတ်ပါ။ အစည်းအဝေးတွင် ပါဝင်သူတစ်ယောက်အနေဖြင့် သင်၏ရှင်းလင်းချက်ကို အမြဲတမ်းပင် တိုက်ရိုက်သေချာအောင် ပြောဆိုနိုင်ရမည်။ သင်မဖြေနိုင်သော မေးခွန်းတစ်ခု အမေးခံရလျှင် မှတ်ထားပြီး အစည်းအဝေးပြီးသည့်နောက် သက်ဆိုင်သည့်လုပ်ဖော်ကိုင်ဖက်များကို မကြာမီဖြေပေးမည်ဖြစ်ကြောင်းပြောကြားပါ။

သေချာမှုနှင့် ယုံကြည်မှုသည် သင်၏ ကြိုတင်ပြင်ဆင်မှုမှ အရင်းခံပေသည်။ လုပ်ငန်းကြီးများလုပ်ဆောင်သူများပင် အစည်းအဝေးမတိုင်မီ ကြိုတင်ပြင်ဆင်ရန်ပျက်ကွက်ကြသည်။ ဤသို့ကြိုတင်ပြင်ဆင်မှုများမရှိပါက အစည်းအဝေးတွင် သင်ပြောသည်များမှာ မသေချာမရေရာ သကဲ့သို့ဖြစ်စေနိုင်သည်။

၃။ မပြိုင်ဆိုင်ပါနှင့်။
လုပ်ဖော်ကိုင်ဖက် အများစုသည် အခြားသူထက် ပိုသာအောင်ပြောဆိုနိုင်ရန် မသိမသာ ပြိုင်ဆိုင်မှုတစ်ခုကိုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ မလုပ်ပါနှင့်။ သင်အသိပေးလိုသော အရေးကြီးသည့် သတင်းအချက်အလက်ကိုသာ အလေးထားပါ။ အကြောင်းအရာများတွင် သင့်တော်သည့် ငြင်းခုန်ဆွေးနွေးမှုများကိုသာလုပ်ပြီး ပြိုင်ဆိုင်မှု သို့မဟုတ် အငြင်းပွားမှုများကိုရှောင်ရှားပါ။ သင်၏ ပညာရှင်ဆန်၍ ယေဘုယျကျသော စွမ်းဆောင်ရည်သာလျှင် ရေရှည်တွင် သင့်ကိုအထောက်အကူပြုပါမည်။

၎။ ချိန်ကိုက်ပြောဆိုခြင်း

သင်သည် ပြောဆိုစရာအကြောင်းအရာများအကြောင်းကို ဆောလျှင်စွာ ပြောထားလိုက်ပါက အဆိုပါအကြောင်းအရာများ ပြောဆိုနေရင်း စကားအသွားအလာ ပြောင်းလဲသွားပါက သင်အရင်ကပြောဆိုမှတ်ချက်ပေးခဲ့သည်ကို ပြန်လည်ရှင်းလင်းရန်နောက်တစ်ခါ ပြောဆိုရမည့်အခြေအနေဖြစ်လာနိုင်ပါသည်။ ၎င်းကိုရှောင်ကြဉ်ပါ။ ထိုအရာသည် သင့်အပေါ် လူအများလက်ခံယုံကြည်နိုင်မှုကို ဖျက်ဆီးပစ်နိုင်သည်။

ယခင်က သင်ကြိမ်ဖန်များစွာ ကြားဖူးထားနိုင်သော ကျွန်တော်သိထားသည့် အကြောင်းအရာတစ်ခု ကို ထပ်မံပြောဆိုပါမည် - ချိန်ကိုက်ပြောဆိုပြုလုပ်ခြင်းသည် အလွန်အရေးပါ ပါသည်။ အစည်းအဝေးတွင်ရှိသည့် လူတိုင်းသည် အကြောင်းအရာတစ်ခုပေါ်တွင် သူတို့၏ အမြင်ကို ပေးလေ့ရှိသည်။ တစ်ဦးချင်းစီ၏ပြောဆိုမှုများစွာရှိသော်လည်း အဓိကအကြောင်းအရာနှင့်လွဲချော်နေတတ်ကြသောကြောင့် ထိုသို့ပြောဆိုမှုများမှာ များသောအားဖြင့် "လေ" သာဖြစ်ကြောင်း သင်သိထားပြီးဖြစ်ကောင်းဖြစ်ပါမည်။

ထို့ကြောင့် သင်ပြောလိုသည့်စကားကို အခြားသူများအားလုံးပြောပြီးချိန် နောက်ဆုံးတွင် ပြောဆိုခြင်းသည် လက်တွေ့ကျသော၊အမြော်အမြင်ရှိသော လှုပ်ရှားမှုတစ်ခုပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အကြောင်းအရာ အမြင်များအားလုံးကို ရှင်းရှင်းလင်းလင်း သိလာနိုင်မည်။ ပို၍ကောင်းမွန်ကောင်းမွန်အကျိုးရှိသော မှတ်ချက်ပေးနိုင်ရုံ သာမက အဓိကအကြောင်းအရာကို နိဂုံးချုပ်ပြီပြောဆိုရာတွင် အကောင်းဆုံးအနေအထားတွင် သင်ရရှိနိုင်ပေသည်။
နောက်တစ်ခု မှတ်သားထားပါ။ သင်သည် ဆွေးနွေးနေသော အကြောင်းအရာပေါ်တွင် ပြောဆိုရန်မရှိလျှင် မည်သည့်အရာမျှ မပြောပါနှင့်။ ထိုသို့ပြုမူခြင်းဖြင့် သင်သည် စကားအလွန်များကာ "ပေရှည်၊ လေပေါ" နေသော အခြားအစည်းအဝေးတက်သူများနှင့် မတူကြောင်းပြသပြီးသားဖြစ်ပေမည်။  

၅။ ကိုယ်အမူအရာ (body language)

ကိုယ်အမူအရာ ကြောင့်ဖြစ်နိုင်သော အမျိုးမျိုးသော သက်ရောက်နိုင်မှုများနှင့်ပတ်သက်၍ ရေးသားထားမှုများ မြောက်များစွာရှိပြီးသည်။ ကျွန်တော့်အတွေ့အကြုံမှ ပြောရလျှင် အထိရောက်ဆုံး ကိုယ်နေဟန်ထားသုံး၍ပြောဆိုမှုသည် အပြုသဘောဆောင်သည့် အမျိုးအစား ဖြစ်သည်။ ဘယ်သောအခါမှ ခေါင်းငြိမ့်ပြ၍ သဘောတူကြောင်းအမူအရာပြခြင်း၏ စွမ်းအားကို လျှော့မတွက်ပါနှင့်။

အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြပါစို့။ အစည်းအဝေးမှ တစ်စုံတစ်ယောက်သည် သင်သဘောတူညီသည့် အရေးကြီးသော သတင်းစကားတစ်ရပ်ကို ပြောနေသည် ဆိုပါစို့။ ကြိုးစား၍ နားထောင်ပါ။ မျက်လုံးချင်း အကြည့်ဆုံနိုင်ရန် စောင့်ဆိုင်းပါ။ သဘောတူညီမှုကို ခေါင်းငြိမ့်ပြပါ။ သေချာစွာ ထိုသူအားအာရုံစူးစိုက်ကြည့်ရှုပါ။ သူတို့သည် သူတို့ပြောနေသောအကြောင်းအရာ ထောက်ခံမှုရမရ ပိုမိုသေချာစေရန် သင့်အားပြန်လည်ကြည့်လာပေမည်။ အစည်းအဝေးရှိ အခြားသူများလည်း သင်သဘောတူသည်၊ ထိုအချက်ကို ပြောကြားနေသူကလည်းသတိပြုမိသည်ကို သတိထားမိလာလိမ့်မည်။

ကျွန်တော်တို့တွင် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင်ဖြစ်နေသော လောကကြီးတစ်ခု ရှိနေသော်လည်း လူသားများစွာသည် အသိအမှတ်ပြုခံခြင်းနှင့် နှစ်သိမ့်အားပေးခြင်းတို့ကို ရှာဖွေဆဲဖြစ်ပါသည်။ ထိုသဘောတရားပေါ်တွင် သင်ကိုးစားနိုင်သည်။ သို့သော် အလွန်အကျွံ မလုပ်ပါနှင့်။ အလွန်အကျွံပြုလုပ်ပါက လုပ်ဖော်ကိုင်ဖက်များသည် သင်၏သဘောထားစိတ်ဓာတ်အမှန်ကို မေးခွန်းထုတ်လာနိုင်သည်။ သင်အမှန်တကယ် လုပ်ဆောင်လိုသည့်အခါမှသာ ပြုလုပ်ပါ။

LinkedIn မှ Alex Malley ၏ Are you a dud in meetings? ကို ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ Credit : Original Writer & Translator

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!