ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ
ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသည်။ ဘာတွေပြောင်းလဲနေသလဲ။ ဘယ်အရာတွေကတော့
ဆုတ်ယုတ်နေသလဲ။ စာဖတ်သူကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်ဖို့ အထူးလိုအပ် လှပါသည်။
အမြဲတမ်းအားဖြင့် တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းဆိုတာ အမြဲဒွန်တွဲကပ်ပါလျက်ရှိနေပါသည်။
စာဖတ်သူဟာ တိုးတက်နေသူတစ်ဦးလား ဒါမှမဟုတ် ဆုတ်ယုတ်မှုကို လက်ခံထားသူတစ်ဦးလားဆိုတာ
ကိုယ်တိုင် ဝေဖန်သုံးသပ်ကြည့်လိုက်ပါ။ တိုးတက်မှုမရှိရင် ရပ်ဆိုင်းမနေဘဲ
ဆုတ်ယုတ်နေမှာ အမှန်ပဲ ဖြစ်ပါသည်။ ကျွန်မတို့တွေဟာ အောင်မြင်မှုချည်းပဲ
မရရှိနိုင်သလို ရှုံးနိမ့်မှုများလည်း အမြဲကြုံဆုံနေမှာ မဟုတ်ပါဘူး။
အောင်မြင်ခြင်းအရာဟာလည်း ကျွန်မတို့တွေဆီ လွယ်လွယ်ကူကူ ရောက်ရှိမလာနိုင်ပါ။
တစ်ခါတလေ အရာအားလုံးအတွက် ပေးဆပ်ခြင်းများလည်း ကြုံရမှာ ဖြစ်ပါသည်။ ဒီလိုအချိန်မှာ
ခံနိုင်မှု စွမ်းရည်ဆိုတာ အထူးအရေးကြီးလှပေသည်။ လူသားတွေဆိုတာကလည်း အောင်မြင်မှုရရှိရင်
အလွန် ပျော်ရွှင်နေတတ်ကြပြီး ရှုံးနိမ့်မှုကို ကြုံဆုံရင်တော့
စိတ်ပျက်အားငယ်ခြင်းများနှင့် အချိန်အတော်ကြာကြာ ခံစားတတ်ကြ သူများဆိုရင်
မမှားဘူးထင်ပါသည်။
ဒီတော့ စာဖတ်သူအနေဖြင့်
အောင်မြင်ချင်တယ်ဆိုရင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲဆိုတာ အရင်ဆုံး သိမှတ်ထားသင့်ပါသည်။
အောင်မြင်မှုဆိုတာ ပြောတော့သာ လွယ်တာ လုပ်ကြည့်ရင် အတော် ခက်သား။ နောက်တစ်ချက်က
ဒီလို အောင်မြင်မှုကို ရရှိဖို့အတွက် အချိန်တွေ၊ နှစ်တွေ မြှုပ်နှံထားသင့်ရင်
ထားရမှာပဲဖြစ်ပါတယ်။ ယခု ရေတွင်းတူးပြီး ယခု ရေကြည်သောက်လို့ မရသလိုပေါ့။
စာဖတ်သူကိုယ်တိုင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ ပြီးတော့
စာဖတ်သူရဲ့ အောင်မြင်မှုလမ်းကြောင်းထဲမှာ စိတ်ရော လူရော နှစ်မြှုပ်ထားဖို့လည်း
လိုအပ်ပါတယ်။ ဒါပေမယ့် စာဖတ်သူ စတင်လုပ်ဆောင်ပြီဆိုတာနှင့်
အောင်မြင်မှုသေးသေးလေးတွေက စာဖတ်သူကို ပိုမိုပြီး အရှိန်ရရှိစေလာနိုင်ပါသည်။
ခြေလှမ်း တစ်လှမ်း ချင်းဆီဟာ အောင်မြင်မှုတွေကို ပိုမိုပြီး ဆွဲယူနေတာကို
စာဖတ်သူကိုယ်တိုင် မြင်တွေ့လာရမည် ဖြစ်ပါသည်။
မည်သူက မည်သည့် အောင်မြင်မှုကို
လိုချင်ပါသလဲ စဉ်းစားကြည့်လိုက်သည့်အခါ မိမိကိုယ်တိုင်ပဲ ဖြစ်ပါသည်။
အောင်မြင်မှုလိုချင်ရင် အောင်မြင်ဖို့ရာအတွက် ကြုံတွေ့ရမည့်အရာများအားလုံးကို
အရင်ဆုံး သိမှတ်ထားသင့်ပါသည်။ အောင်မြင်ဖို့အတွက် ပြုလုပ်ဆောင်ရွက်ချက်များကို
ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတတ်ဖို့ လိုအပ်ပါသည်။ စာဖတ်သူရဲ့
အောင်မြင်တိုးတက်မှုများနှင့် လိုအပ်ချက် ချို့ယွင်းမှုများကို တခြားသူများအပေါ် ပုံလွှဲချဖို့
မကြိုးစားပါနဲ့။ နောက်တစ်ချက်က အောင်မြင်သူတွေရဲ့ နည်းနာများ၊ ပြုလုပ်
ဆောင်ရွက်ချက်များနှင့် လိုက်နာချက်များအပြင် အလေ့အကျင့်များကို စုဆောင်းယူငင်
ပျိုးထောင်ထားပါ။ အရေးကြီးဆုံးအချက်ကတော့ မနေ့ကထက် ဒီကနေ့ ပိုပြီး ပြုံးပါ။
ရင်ဆိုင်ကြုံတွေ့ရသည့် အခြေအနေ တိုင်းအတွက် ကောင်းတဲ့ဘက်မှ တွေးခေါ်စဉ်းစား
ဆုံးဖြတ်ပါ။ စာဖတ်သူရဲ့ ခက်ခဲတဲ့အခြေအနေ မလုပ်နိုင်တဲ့ လုပ်ဆောင်ချက်များကို
မှတ်ချက် မရေးထားပါနဲ့။ ဘယ်အရာကို ဘယ်လိုဆောင်ရွက်လိုက်တာ ဘာကြောင့်
လုပ်နိုင်တယ်ဆိုတဲ့ အချက်များကိုသာ ရှာဖွေသိမ်းဆည်းထားပါ။ စာဖတ်သူမှာ မရှိသေးတဲ့
အမှုအကျင့် ကောင်းများကိုလည်း တစ်ခြားသူဆီမှ လေ့လာ အတုယူထားသင့်ပါသည်။
စာဖတ်သူကိုယ်တိုင်က အောင်မြင်ရမယ်လို့ စိတ်ထဲမှာ မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ချက် ချထား ရမည်။ ကိုယ်တိုင်ရဲ့ လုပ်နိုင်စွမ်းရည်များကို အသိအမှတ်ပြုထားရမည်။ ငါလုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို ထားရှိရမည်။ အမြဲတမ်း ရည်ရွယ်ချက်တစ်ခုခုထားရှိနေရမည်။ အခြား ဆန့်ကျင်ဘက်အရာများကို မမှတ်ထားမိပါစေနဲ့။ နေ့တစ်နေ့ကို ရောက်လာပြီဆိုရင် အောင်မြင်မှုအတွက် ပိုမိုနီးကပ်လာပြီလို့ သတ်မှတ် ထားပါ။ ကိုယ်လုပ်ဆောင်မည့်အရာများကို အချိန်မရွှေ့ဆိုင်းပဲ ယခုပင် လုပ်ဆောင်လိုက်ပါ။ အခြားသူတွေနဲ့ ဆက်ဆံဆက်နွယ်ပြောဆိုရမည့်အချိန်တိုင်း ကောင်းတဲ့အကြောင်းအရာတွေနဲ့ စတင်ပြီး အကောင်းမြင်တတ် သူများနဲ့ ဆက်သွယ်မှုရှိပါစေ။ အမြဲတမ်း စိတ်ထားတက်ကြွသူများကို အနီးကပ်လေ့လာ ပေါင်းသင်းပါ။ အဆိုးမြင်သမားများကို တတ်နိုင်သမျှ ဝေးဝေးက ရှောင်ကျဉ်သင့်ပါသည်။ တစ်ခါတရံ သူတို့သည် ငြီးတွားမှု များနှင့်သာ အချိန်ကုန်လွန်ကြသူများ ဖြစ်ကြပေသည်။ သူတို့အတွက် အချိန်ပေး လိုက်ခြင်းသည် အောင်မြင်မှု အချိန် ကြန့်ကြာနှောင့်နှေးသွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။

စာဖတ်သူအနေဖြင့် ဘယ်လို အောင်မြင်စွာ
နေထိုင်ဖို့ ဆန္ဒရှိသလဲဆိုတာ မြင်ယောင်ပါ၊ ချရေးပါ။ စာဖတ်သူအတွက် အဓိပ္ပာယ်ရှိတဲ့
အရာတွေ၊ စာဖတ်သူကို ပျော်ရွှင်မှုပေးတဲ့ လုပ်ဆောင်ချက်တွေနှင့် စာဖတ်သူကိုယ်တိုင်
စိတ်ကျေနပ်မှု ဖြစ်စေတဲ့အရာတွေကို အမြဲ စဉ်းစားသုံးသပ်ကြည့်ပါ။ ပြီးတော့
စာဖတ်သူကိုယ်တိုင်က ဘယ်လို နေထိုင်ချင်သလဲဆိုတာကို တတ်နိုင်သမျှ တိတိကျကျဖြစ်အောင်
ချရေးပါ။ အာရုံစူးစိုက်ပါ၊ အနှုတ်လက္ခဏာအတွေးတွေကို နားမထောင်ပါနဲ့။
အချက်အလက်တိုင်းကို ချရေးပါ။ ချရေးဖို့ အချိန်မရရင်လည်း စိတ်ထဲက မှတ်ထားပြီး
လုပ်ဆောင်စရာများကို တစ်ခုခြင်း မှတ်သားထားပါ။ စာဖတ်သူ ဘယ်မှာ နေထိုင်ချင် သလဲ၊
စာဖတ်သူရဲ့ အိမ်က ဘယ်လိုပုံစံမျိုးလဲ၊ မိတ်ဆွေတွေက ဘာကို စိတ်ဝင်စားကြသလဲ၊
အချိန်နဲ့ ငွေကြေးကို ဘယ်လို လူမှုလုပ်ငန်းတွေမှာ သုံးချင်သလဲ။ အဲဒါတွေကို
စာအုပ်တစ်အုပ်ထဲမှာ ရေးပါ။ ရက်သတ္တတစ်ပတ်မှာ ကြိမ်ဖန်များစွာ ဖတ်ပါ။
နေ့စဉ်နေ့တိုင်း စာဖတ်သူ ဆန္ဒရှိတဲ့ အဲဒီဘ၀ကို နေထိုင်နေပုံကို မြင်ယောင်ကြည့်ပါ။
အဲဒီ အောင်မြင်တဲ့ဘ၀နဲ့ ပိုပြီး နီးလာစေမယ့် အရာတွေကိုသာ လုပ်ဆောင်ပါ။
နောက်တစ်ချက် အရေးကြီးဆုံးက ၀င်ငွေနှင့် ထွက်ငွေ ညီမျှအောင် စီစစ်သုံးစွဲပါ။
အောင်မြင်ရန်အတွက် ပထမဆုံး
အရေးကြီးဆုံးလိုအပ်ချက်က ထက်သန်ပြင်းပြတဲ့ စိတ်ဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ကို မိမိပြင်းပြင်းပြပြယုံကြည်ရမှာဖြစ်ပါတယ်။
ရော့တိရော့ရဲနဲ့ပြီးစလွယ်ဆိုရင် အောင်မြင်ရန် မဖြစ်နိုင်ပါဘူး။ ထက်သန်ပြင်းပြတဲ့
စိတ်ဆိုတာက မိမိလုပ်ဆောင်နေတဲ့ ကိစ္စတွေ၊ မိမိရဲ့ ရည်ရွယ်ချက်တွေဟာ မျှတပြီး အများ
သဘောတူထားတဲ့ တရားဥပဒေနဲ့အညီဖြစ်တယ်ဆိုတာကို အရင်ဆုံးယုံကြည်မှုပါပဲ။ ဒီလိုမှ
မယုံကြည်ဘူးဆိုရင် ဇွဲလုံ့လ ဆိုတာ ဘယ်တော့မှပေါ်မလာပါဘူး။ မိမိလုပ်နေတဲ့အလုပ်ကို
ယုံကြည်တယ်လို့ ဆိုတဲ့နေရာမှာ ယုံကြည်ပြီဆိုမှတော့ ဒီအလုပ်ကို လုပ်ရတာလည်း
ကြိုက်မှာပါပဲ။ ဒီအလုပ်ကို လုပ်ရတာ မကြိုက်ပြန်ရင်လည်း အောင်မြင်ဖို့ဆိုရာ
မလွယ်ပါဘူး။ နောက်တစ်ခု ယုံကြည်ရမှာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဆိုတာ မိမိအတွက်လည်း
ကောင်းတာ ဖြစ်တယ်။ မိမိရဲ့မိသားစုနဲ့ ဆွေမျိုး အသိုင်းအ၀ိုင်း တွေလည်း
ကောင်းတာဖြစ်ရမယ်။ မိမိရဲ့ လူ့အသိုင်းအ၀ိုင်းအတွက်လည်း ကောင်းတာ ဖြစ်တယ်ဆိုတာ
ပြင်းပြင်းပြပြ ယုံကြည်ရမှာဖြစ်ပါတယ်။ နဂိုကတည်းကိုက ပျော့ပျော့ညံ့ညံ့နဲ့
အရှုံးပေးလိုစိတ်ရှိသူတွေဟာ အောင်မြင်ဖို့ ဝေးစွ ရှင်သန်ဖို့ရန်တောင် မလွယ်ကူပါဘူး။
ဒါကြောင့် အောင်မြင်ရန်အတွက် အရေးကြီးဆုံး ပထမအချက်က ထက်သန် ပြင်းပြတဲ့
စိတ်ဖြစ်ပါတယ်။ Burning Desire လို့လည်း ခေါ်ပါသည်။ မိမိရဲ့ တောင့်တမှုဟာ
မီးများလိုလောင်မြိုက်နေမှ အောင်မြင်မှာ ဖြစ်ပါသည်။
နောက်တစ်ချက်ကတော့ Idea လို့ခေါ်တဲ့
စိတ်ကူးစိတ်သန်းများဖြစ်ပါသည်။ အချိန်တွေ ပြောင်းလဲသွားသည်နှင့်အတူ လူသားတို့ရဲ့
နားလည်သဘောပေါက်မှုတွေဟာလည်း အမြဲပြောင်းလဲနေပါ သည်။ လိုလား တောင့်တမှုတွေဟာလည်း
ပြောင်းနေပါသည်။ ကမ္ဘာပေါ်မှာ အလျှင်မြန်ဆုံးပြောင်းလဲနေတာက နည်းပညာပဲ ဖြစ်ပါသည်။
အထူးသဖြင့်ကတော့ နည်းပညာတွေ ပြောင်းလဲတာမြန်လွန်းအားကြီးတော့ Creative Destruction
လို့တောင် ခေါ်လာပါသည်။ ဆိုလိုတာကတော့ တစ်ခုခုကို ဖန်တီးလိုက်ပြီဆိုရင် တစ်ခုခုကို
ဖျက်ဆီးလိုက်သလိုဖြစ်ပါသည်။ ဥပမာအားဖြင့် ပြောင်းလဲမှု မြန်ဆန်ပုံကတော့
ရုပ်သံပြစက်တွေပေါ်ကာစက တိပ်ခွေတွေနဲ့ ကြည့်ကြတာ စာဖတ်သူလည်း အသိဖြစ်မှာပါ။
သိပ်မကြာခင်မှာ VCD တွေပေါ်လာတော့ ဘယ်သူမှ တိတ်ခွေတွေကို မကြည့်ကြတော့ပါဘူး။
ဒါကြောင့် VCD ပေါ်လာတာဟာ တိတ်ခွေတွေကို ဖျက်ဆီးလိုက်သလိုပါပဲ။ VCD နောက်မှာတော့
DVD ဆိုတာ ထပ်ထွက်လာပြန်သည်။ ဒီအချိန်မှာ VCD တွေအသုံးက လျော့ကျသွားပြန်ပါသည်။
ဒါနဲ့လည်း မပြီးဆုံးသေးပါဘူး။ ယခုအခါ EVD ဆိုတာ တွေ ထပ်မံပေါ်ပေါက်နေပြန်ပါပြီ။
လူသားတွေရဲ့ တီထွင်မှု နည်းပညာဟာ မဆုံးနိုင်ပါဘူး။ လူသားတွေရဲ့
နားလည်သဘောပေါက်မှုတွေ တိုးပွားလာမှု၊ စဉ်ဆက်မပြတ်တီထွင်မှုတွေနဲ့အတူ လိုက်ပါလာတာကတော့
ပြိုင်ဆိုင်မှုဖြစ်ပါသည်။ ယခုအချိန်မှာ ပြိုင်ဆိုင်မှုဟာ အလွန်အမင်းပြင်းထန်လာတာ
စာဖတ်သူလည်း သိပြီး ဖြစ်ပါသည်။ ကြင်နာသနားခြင်းမရှိတော့တဲ့ ပြိုင်ဆိုင်မှုပါပဲ။
ဒီလိုအခြေအနေမှာ ရှင်သန်နိုင်ဖို့အတွက် လူသားတွေရဲ့ စိတ်ကူး စိတ်သန်းများက
အလွန်အရေးကြီးလာတာဖြစ်ပါသည်။
အောင်မြင်မှုက စာဖတ်သူအတွက် ဘယ်လိုအဓိပ္ပာယ် သက်ရောက်မှု ရှိသလဲဆိုတာကို သတ်မှတ်ပါ။ စာဖတ်သူရဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပါ။ စာဖတ်သူရဲ့ ဘ၀ကို ဘယ်လို နေထိုင် ချင်တယ်ဆိုတာကို စာဖတ်သူကိုယ်တိုင် ပြောပါ။ အသံထွက်ပြီး ပြောပါ။ မဟုတ်ရင် စာဖတ်သူ အဲဒါကို အောင်မြင်သွားတဲ့အခါ သိလိုက်မှာ မဟုတ်ပါဘူး။ အမြဲတမ်း အောင်မြင်မည့်အရာများကို စဉ်းစားတွေးတော လုပ်ဆောင်ကြည့်ပါ။ စာဖတ်သူရဲ့ အောင်မြင်မှုသည် သင့်ရဲ့လက်တွင်းမှာ ရှိနေသည်ဆိုသည့်အတိုင်း အောင်မြင်မှု လက်ဝယ်ပိုင်ပိုင်ရရှိစေဖို့ ထက်သန်ပြင်းပြတဲ့စိတ်ဓာတ်များဖြင့် အခြေတည်ဆောက်မှုများနဲ့ ခိုင်မြဲသော အောင်မြင်မှုများ တက်လှမ်းရရှိနိုင်မှာ ဖြစ်ပါသည်။ အရာရာအားလုံးက ခက်ခက်ခဲခဲနဲ့ ဖန်တီးရယူမှသာလျှင် အောင်မြင်မှုသည်လည်း ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါသည်။ ကျွန်မတို့ အားလုံးဟာ အမြဲတမ်း ကြိုးစားအားထုတ်မှုဆိုတဲ့ စွမ်းဆောင်ရည် ရှိမှသာလျှင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ပါတော့သည်။

Credit : OW

0 comments:
Post a Comment