အကြည့်ချင်းဆုံပြီး စိတ်ပါလက်ပါနားထောင်တဲ့
အမူအရာပြပါ။
လူတိုင်းကတော့ ကိုယ့်ကိုယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူ၊
အရေးပါတဲ့သူလို့ ထင်ချင်ကြပါတယ်။ ဒါကြောင့် စိတ်ပါလက်ပါ နားထောင်တဲ့ အမူအရာပြခြင်းဖြင့်
စကားပြောနေသူကို သင့်အနေနဲ့ ထိုကဲ့သို့ထင်မြင်ကြောင်း ဖော်ပြရာရောက်ပါတယ်။ စကားပြောနေသူနဲ့
မျက်လုံးချင်းအမြဲဆုံခြင်း၊ တစ်ခါတစ်ရံ ခေါင်းညိတ်ပြခြင်းအပြင် သူ့ကို အာရုံစိုက်နေတယ်ဆိုတာကို
ဖော်ပြတဲ့ တခြားအမူအရာတွေကိုပါ ဖော်ပြခြင်းဖြင့် သင်ဟာ ပညာရှင် (professional) တစ်ယောက်အနေဖြင့်
လုပ်ဖော်ကိုင်ဖက်တွေအပေါ် လေးစားတယ်ဆိုတာကို ဖော်ပြနေပါတယ်။
လက်ဖ၀ါးတွေကို မှောက်ထားပါ။
ဒီမသိသာလှတဲ့ လှုပ်ရှားမှုကို သင့်ပတ်ဝန်းကျင်ရှိသူတွေက ဂရုပြုမိချင်မှပြုမိပါလိမ့်မယ်။
သို့သော် သင်အပေါ့်ထားရှိတဲ့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုဖြစ်စေပါတယ်။
လူတစ်ယောက်ဟာ စားပွဲပေါ်မှာ၊ စကားပြော စင်မြင့်ပေါ် (သို့) ကောင်တာပေါ်မှာ သူ၏လက်ဖ၀ါး
(၂)ဖက်ကို မှောက်ချထားခြင်းသည် ထိုသူ၏ သြဇာအာဏာနှင့် ခေါင်းဆောင်မှုတို့ကို ဖော်ပြနေပါတယ်။
ချိန်ကိုက်လှုပ်ရှားပါ။
တခြားသူတွေရဲ့ ကိုယ်ဟန်အမူအရာကို အတုယူခြင်းသည် သင်ဟာ သူတို့နဲ့ အလေးအနက်ထားပြီး
ညှိနှိုင်းနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊
လမ်းလျှောက်တဲ့အခါမှာပဲဖြစ် ဖြစ် တခြားသူတွေရဲ့ အနေအထားကို လေ့လာပါ။ သူတို့ရဲ့ ခြေ
နှစ်ဖက်ချိတ်ထိုင်ပုံ၊ ရှေ့နောက်ကိုင်းထိုင်ပုံ၊ လက်ဟန်ခြေဟန်နှင့် ပြောဆိုပုံ၊ ပြုံးခြင်း၊
မျက်မှောက်ကြုတ်ခြင်းအစရှိတဲ့ မျက်နှာအမူအရာလုပ်ပုံတို့ကို အတုယူပါ။ ရည်ရွယ်ချက်ကတော့
တစ်ဖက်သားပုံစံ (style) ကို ခိုးချဖို့မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ခံစားချက်ကို
သိစေရန်သာဖြစ်ပါတယ်။
မတ်တတ်ရပ်ပုံရပ်နည်းကလည်း အရေးပါပါတယ်။
တခြားသူနဲ့ စကားပြောတဲ့အခါ (သို့) အများရှေ့မှာရပ်ပြီး
စကားပြောတဲ့အခါ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကား၊ ရင်ဖွင့်ပြီးရပ်ပါက သင့်ရဲ့ ရင်ဝမ်း
ကြွက်သား (diaphragm) က ကျယ်ပြန့်လာတဲ့အတွက် စကားပြောတဲ့အသံကို ပိုထိရောက်စေပါတယ်။
သြဇာညောင်းပြီး အထင်ကြီးစရာပုံလည်း ပေါက်စေပါတယ်။
ကိုယ်ဟန်အမူအရာပွင့်လင်းပါစေ။
၎င်းကို တားဆီးသည့်အရာများကို ဖယ်ရှား၍ အပြုအမူများကို ရှောင်ရှားပါ။ လူတွေဟာ
သူတို့ရဲ့ စိတ်ခံစားချက်ဆိုင်ရာ အပြုအမူများကို စကားပြောဖော်မှ အတုယူပြုမူကြပါတယ်။
ထို့ကြောင့် သင့်အနေဖြင့် ကိုယ်ကို မတ်မတ်မထားဘဲ ပျော့တိပျော့ခွေနေခြင်း၊ လက်နှစ်ဖက်ကို
ရင်ဘတ်ရှေ့မှာ ယှက်ထားခြင်း အစရှိသော အနေအထားများသည် တခြားသူများနှင့် ဆက်သွယ်မှုမရှိ
သီးခြားဖြစ်နေတဲ့ ပုံစံကို ဖော်ပြနေပါတယ်။ ထိုအခါ ပရိသတ်ကလည်း အလားတူ တုံ့ပြန်မှာဖြစ်ပါတယ်။
ကိုယ်ဟန်အမူအရာကို သက်တောင့်သက်သာထားပြီး လက်နှစ်ဖက်ကိုလည်း ဘေးမှာထားခြင်းဖြင့် သင်နဲ့
အပြန်အလှန်ဆက်ဆံသူတွေအားလုံးအပေါ် ပွင့်ပွင့်လင်းလင်းရှိတယ်ဆိုတာကို ပြပါ။ ထို့အပြင်
ကိုယ်နှင့် တခြားသူကို ခြားထားမဲ့ ကြီးမားသော ပစ္စည်းကို ကိုင်ထားခြင်း၊ စားပွဲများထားရှိခြင်းတို့ကို
ရှောင်ရှားပါ။
နှစ်နှစ်ကာကာပြုံးပါ။
စိတ်ပါလက်ပါဖြင့် ပြုံးသော အပြုံးသည် နှုတ်ခမ်းများက
တဖြည်းဖြည်း အစပြုပြီး မျက်နှာရဲ့ ကျန်အစိတ်အပိုင်း၊ အထူးသဖြင့် မျက်လုံးများသို့ ပျံ့နှံ့သွားပါသည်။
သင့်အတွက် အရေးပါသူတစ်ဦးနှင့် တွေ့ဆုံတဲ့အခါ မိတ်ဆွေဟောင်း တစ်ဦးကို နှုတ်ဆက်နေတာလို့
တွေးလိုက်ရင် စစ်မှန်တဲ့ အပြုံးတစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလိုပြုံးခြင်းဟာ နွေးထွေးမှုနဲ့
လက်ခံသော သဘောကို ဆောင်တဲ့အတွက် တခြားသူတွေကိုလည်း ပွင့်ပွင့်လင်းလင်းရှိဖို့ အားပေးနေပါတယ်။
လှုပ်ရှားမှုများကို
နည်းနိုင်သမျှနည်းပါစေ။
လုပ်ငန်းတူသူအချင်းချင်းဆက်သွယ်ရာ၌လည်းကောင်း၊
လုပ်ငန်းဆိုင်ရာအခြေအနေများ၌လည်းကောင်း၊ တောင့်တောင့်ကြီးမတ်တပ်ရပ်နေတာကတော့ မဖြစ်သင့်ပါ။
သို့သော်လည်း လူးလွန့်ခြင်း၊ ကုတ်ခြင်း၊ တွန့်လိမ်ခြင်း၊ လှုပ်ရွှခြင်း၊ ဂနာမငြိမ်ခြင်းတို့သည်
စိတ်လှုပ်ရှားမှု (သို့) စိတ်မရှည်မှုတို့ကို ပြသနေပါသည်။ လွန်လွန်ကဲကဲ ခြေဟန်လက်ဟန်ဖြင့်
စကားပြောခြင်းသည်လည်း တစ်ဖက်သားကို အဓိကကျတဲ့ အချက်များမှ အာရုံပြောင်းစေပါတယ်။ အကောင်းဆုံး
ပေါ်လစီကတော့ သဘာဝကျကျနဲ့ တည်ငြိမ်ပြီး မသိသာလှတဲ့ လှုပ်ရှားမှုများကို ထည့်သွင်းခြင်းက
သင်ပြောလိုတဲ့ အချက်တွေကို ပိုမိုမြှင့်တင်ပေးပြီး တခြားသူများရဲ့ ကိုယ်ဟန်အမူအရာတွေကိုလည်း
ထင်ဟပ်စေပါတယ်။
ခိုင်မာတဲ့ လက်ဆွဲနှုတ်ဆက်မှုကိုပြုပါ။
လက်ဆွဲနှုတ်ဆက်ခြင်းရဲ့ အထိအတွေ့အာရုံကြောင့် ၄င်းသည်
ယဉ်ကျေးမှုအများစု၌ ပျံ့နှံ့လျက်ရှိသော ကာယနှုတ်ဆက်ခြင်းပဲ ဖြစ်ပါသည်။ သို့သော်လည်း ဒီလွယ်ကူတယ်လို့
ထင်ရတဲ့ လုပ်ရပ်လေးကို အကောင်းဆုံးဖြစ်စေဖို့ဆိုတာကတော့ လေ့ကျင့်ဖို့ လိုပါတယ်။ အလွန်အမင်းပျော့ဖတ်နေတဲ့
လက်ဆွဲနှုတ်ဆက်ခြင်း၊ အရမ်းတင်းကျပ်နေတဲ့ လက်ဆွဲနှုတ်ဆက်ခြင်း အစရှိတဲ့ အစွန်းရောက်နေတဲ့
လက်ဆွဲနှုတ်ဆက်ခြင်းတို့ကို ရှောင်ပါ။ ယုံကြည်မှုနဲ့ လေးစားမှုကို ပြသဖို့ ဆိုရင်တော့
တိုတောင်းပြီး သဘာဝကျတဲ့ ခံစားချက်ကို ပေးမဲ့ ဆုပ်ကိုင်မှုမျိုးကို ပေးပါ။
ဒီကိုယ်ဟန်အမူအရာတွေကို လက်တွေ့အသုံးပြုတဲ့အခါ
တချို့ကို ကျန်တာတွေထက် သဘာဝကျကျလုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ (သို့) လူမှုရေးဆိုင်ရာ
ပွဲတွေမှာ ဒီအမူအရာတွေလေ့ကျင့်ပေးခြင်းဖြင့် သင့်ရဲ့ အလုပ်လုပ်နေတဲ့ ဘ၀ တစ်လျှောက်လုံးများစွာ
အကျိုးရှိစေမဲ့ အမူအရာအလေ့အကျင့်ကောင်းများကို ရရှိလာမှာ ဖြစ်ပါတယ်။ ရာထူးတိုးခံရခြင်း၊
လစာတိုးလာခြင်းတို့ကို ချက်ခြင်း မခံစားရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သင့်အလုပ်အကိုင်ရဲ့
အောင်မြင်မှုတွေနဲ့ အခွင့်အလမ်းတွေကို ကျွမ်းကျင်သော ကိုယ်ဟန်အမူအရာတွေက များစွာအထောက်အကူပြုမှာ
ဖြစ်ပါတယ်။
Lifehack.org မှ Jayson Demers ၏ 8
Business Body Language Tricks That Help Advance Your Career မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။



0 comments:
Post a Comment