Wednesday, February 25, 2015



အနာဂတ်ဆိုတာ တကယ်တော့ သင် ဖန်တီးရမယ့်အရာ

သင်လိုချင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။
ဟောဒီမှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ခြေလှမ်း (၇)ခု -
၁။ စိတ်ကူးကြည့်ပါ။ ကျနော်တို့အများစုက ထင်ကြတယ်၊ ကျနော်တို့သာ ပိုပြီး ဆွဲဆောင်မှုရှိမယ်၊ ပိုပြီး စမတ်ကျမယ်၊ ပိုပြီးတော်မယ်၊ ဒါမှမဟုတ် ပိုပြီး ကြိုးစားမယ်ဆိုရင် ကျနော်တို့ရဲ့ ဘ၀တွေဟာ ကျနော်တို့လိုချင်တဲ့အတိုင်း ပဉ္စလက်ဆန်ဆန်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သင်လိုချင်တဲ့ဘ၀ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို တိတိကျကျ စိတ်ကူးကြည့်မထားဘူးဆိုရင်တော့ အဲဒီဘ၀ကို ဖန်တီးဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ စဉ်းစားကြည့်ပါ။ လာမယ့် တစ်နှစ်၊ ငါးနှစ်၊ ဒါမှမဟုတ် ၁၀ နှစ်ကြာတဲ့အခါ သင်ဟာ ဘယ်နေရာမှာ ရှိနေချင်သလဲ၊ ပြီးရင် အဲဒါကို ချရေးပါ။


၂။ အကြီးကြီး တွေးပါ။ ” ၅ ပေါင်ဝိတ်ကျဖို့ကိုသာ တွေးပြီး ပေါင် ၂၀ ၀ိတ်ကျသွားတဲ့သူဆိုတာ မရှိပါဘူး” လို့ ဟယ်လ်ဗာဆင်က ပြောပါတယ်။ သူဟာ ရည်မှန်းချက်တွေနဲ့ပတ်သက်တဲ့ စိတ်ပညာအကြောင်း ပြဋ္ဌာန်းစာအုပ်တွေကို ရေးခဲ့တဲ့သူပါ။ အခု သူ့ရဲ့ စာအုပ်သစ်ဖြစ်တဲ့ Succeed: How We Can Reach Our Goals ဆိုတဲ့စာအုပ် ထွက်နေပါပြီ။
သင်ဟာ ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့အခါ သင့်ရဲ့ဦးနှောက်က သင်အခုရောက်ရှိနေတဲ့နေရာနဲ့ သင်ရောက်လိုတဲ့နေရာတို့ကြားက အကွာအဝေးကို မြင်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီကိုရောက်ဖို့ လိုအပ်တဲ့ သယံဇာတပစ္စည်းတွေကိုလည်း ထုတ်ပေးပါလိမ့်မယ်။ ဥပမာ- အာရုံစူးစိုက်မှု၊ အားထုတ်မှု နဲ့ မှတ်ဥာဏ်တွေလိုမျိုးပေါ့။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ သယံဇာတပစ္စည်းတွေ ပိုများလေလေ အောင်မြင်ဖို့ အခွင့်အရေးလည်း ပိုများလေလေပါပဲ။


၃။ ဥစ္စာ ပစ္စည်းဆိုတာ မလုံလောက်နိုင်ပါ။ ထင်ပေါ်ကျော်ကြားမှု နဲ့ ငွေကြေးအမြောက်အများ ပိုင်ဆိုင်မှုတို့ဟာ စစ်မှန်တဲ့၊ ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကို မပေးနိုင်ဘူးလို့ – သုတေသနလေ့လာမှုတွေက ဆိုပါတယ်။ ဒီတော့ သင့်ရဲ့ ဂိုဒေါင်ထဲမှာ တောက်ပတဲ့ BMW ကားအသစ်ကြီးကို စိတ်ကူးယဉ်မယ့်အစား သင့်ရဲ့ဘ၀မှာ အသိုင်းအ၀ိုင်းလေးတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ သင်ကို စိတ်ကျေနပ်မှုဖြစ်စေတဲ့ ဘယ်အရာတွေကို လုပ်မလဲ၊ ဆိုတာတွေကို စိတ်ကူးယဉ်ကြည့်ပါ။


၎။ သဘာဝကျပါစေ။ အဲဒါကို လွယ်မယ်လို့ထင်ရင်တော့ မလွယ်နိုင်ပါဘူး။ သူတို့ကိုယ်သူတို့ အောင်မြင်မယ်လို့ ယုံကြည်မှုရှိတဲ့သူတွေ၊ ပြီးတော့ အဲဒီအောင်မြင်မှုဟာလည်း အလွယ်တကူတော့ မရနိုင်ဘူးဆိုတာကိုလည်း ယုံကြည်မှုရှိတဲ့သူတွေ၊ အဲဒီလိုလူတွေဟာ ပိုမို အားထုတ်ကြတယ်။ သူတို့တွေဟာ မအောင်မြင်ခင်မှာ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုလည်း ပြင်ဆင်ထားကြတယ်။ ပြီးတော့ အခက်အခဲတွေရဲ့ ရှေ့မှာလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။ အဲဒီလိုလူတွေကပဲ စောစောစီးစီး အရှုံးပေးတတ်တဲ့သူတွေထက် ပိုပြီး အောင်မြင်ကြတယ်လေ။


၅။ တိကျမှု ရှိပါစေ။ ” ငါ လေ့ကျင့်ခန်း လုပ်မယ်” ဆိုတာဟာ ” ငါ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ မနက် ၅ နာရီကနေ ၆ နာရီထိ လမ်းလျှောက်မယ် “ ဆိုတာလောက် ထိရောက်မှုမရှိပါဘူး။ လေ့လာမှု ၁၀၀ ကျော်လောက် ပြုလုပ်ပြီးတဲ့နောက် ဟယ်လ်ဗာဆင်က ပြောပါတယ်၊ ရိုးရှင်းပါတယ်၊ အလုပ်တစ်ခုကို ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်မယ်လို့ တိတိကျကျဆုံးဖြတ်ခြင်းဟာ သင့်ရဲ့ အောင်မြင်မှုအခွင့်အလမ်းကို နှစ်ဆ၊ သို့မဟုတ် သုံးဆပိုပြီး တက်စေပါတယ် – တဲ့။ တိကျတဲ့ရည်မှန်းချက်တွေထားရှိခြင်းဟာ အချက်ပြမှု ( မနက် ၅ နာရီထိုးပြီ ) ဆိုတာရယ်၊ လက်တွေ့လုပ်ဆောင်မှု ( ငါ လမ်းလျှောက်သွားမယ် ) ဆိုတာရယ်ကို သင့်ရဲ့ဦးနှောက်ထဲမှာ အချိတ်အဆက်လေးတစ်ခု ဖန်တီးပေးပါတယ်။


၆။ သုံးသပ်အကဲဖြတ်။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်တဲ့နေရာမှာ တော်တဲ့သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ နေ့စဉ် ဒါမှမဟုတ် အပတ်စဉ်တိုင်း စစ်ဆေးလေ့ရှိကြတယ်။ ပြီးတော့ အိပ်ရာမ၀င်ခင်တိုင်း ကိုယ်ပိုင်မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားတတ်ကြတယ်။ သူတို့ရည်မှန်းချက်ကို ရောက်ပြီဆိုရင် သူတို့ဟာ အေးအေးဆေးဆေး အနားယူနိုင်ကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကို မရောက်ဘူးဆိုရင်တော့ သူတို့ဟာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ကြတယ်။ ” ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေရုံတဲ့တင် မလုံလောက်ပါဘူး။ သင်ဟာ သင့်ကိုယ်သင် မေးရမယ်။ ‘ ငါ ဘယ်အရာတွေကို မှန်မှန်ကန်ကန်လုပ်နေသလဲ၊ ပြီးတော့ ငါ ဘယ်နေရာတွေမှာ မှားနေသလဲ? ဒီထက်ကောင်းတဲ့နည်းလမ်းတွေကို ရှာဖွေဖို့လိုမလား၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့သူတွေဆီက လမ်းညွှန်မှုတွေ တောင်းရမလား” အများအားဖြင့်တော့ အောင်မြင်မှုဆိုတာဟာ လမ်းတစ်လျှောက်တစ်လုံးမှာ ကြုံတွေ့ရတဲ့ အခွင့်အလမ်းတွေ၊ သင်မျှော်လင့်မထားတဲ့ အတားအဆီးတွေ၊ အဲဒါတွေနဲ့ လိုက်လျောညီထွေအောင် သင့်ရဲ့ နည်းဗျူဟာတွေကို ထိန်းညှိပြုပြင်ပေးရပါတယ်။


၇။ သိမ်းထားပါ။ သင့်ရဲ့ရည်မှန်းချက်အကြောင်း တခြားလူတွေကို ပြောပြခြင်းဟာ သင် အဲဒီရည်မှန်းချက် အောင်မြင်ဖို့ အခွင့်အလမ်းတွေကို နည်းစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက သင့်ရည်မှန်းချက်တွေကို ဝေဖန်ကြတော့မယ်၊ တချို့လူတွေကဆိုရင် သင်ဟာ သင့်ရည်မှန်းကို အောင်မြင်အောင်မလုပ်နိုင်ဘူးလို့တောင် ပြောကြလိမ့်မယ်။ ” သုတေသနပြုမှုတွေအရ – လူတွေဟာ သူတို့ ရည်မှန်းချက်တစ်ခုခုကို လုပ်တော့မယ်ဆိုတာ တခြားလူတွေကို ပြောခြင်းဖြင့် သူတို့စိတ်ထဲမှာ စိတ်ကျေနပ်မှုတစ်ခုကိုတော့ ရကြတယ်၊ ဒါပေမဲ့ အဲဒါကို အမှန်တကယ်လုပ်ဖြစ်ဖို့အတွက် စိတ်ဓာတ်ခွန်အားကို လျော့နည်းသွားစေတယ်” လို့ ဟယ်လ်ဗာဆင်က ပြောပါတယ်။ ဒီတော့ သင့်ရဲ့ ရည်မှန်းချက်တွေကို သိမ်းထားပါ။ သင့်ဆီမှာပဲ သိမ်းထားပါ။
Ref: 7 Steps to Achieve Any Goal by Nathaniel Reade

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!