Wednesday, April 15, 2015



ပညာရေးသုတေသီများနှင့် အလုပ်ရှင်များက လာမည့်ငါးနှစ်အတွင်း critical thinking/problem-solving skills များဟာ ကျောင်းသားကျောင်းသူများ ၊ လုပ်သားများတွင် ရှိရမည့် အရေးအပါဆုံးကျွမ်းကျင်မှုတွေ ဖြစ်လာမည်ဟု ပြောဆိုကြသည်။

“ကျွန်တော်တို့ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ရောင်းချမှုဆိုင်ရာ ၀န်ထမ်းတွေအနေနဲ့ problem-solving skill ရှိပြီး ဘယ်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ဘာသာ သိတာမျိုး ဒါမှမဟုတ် အဲလိုဖြစ်အောင် သင်ကြားပေးလို့ရ တာမျိုးပဲ ဖြစ်သင့်တယ်။ လုပ်ငန်းခွင် အခြေအနေကို စောင့်ကြည့်ပြီး ဘယ်သူဘာလုပ်နဲ့ ညွန်ကြားမယ့် ကြီးကြပ်ရေး မှူး (supervisors) ဆိုတာမျိုး ကျွန်တော်တို့ မထားတော့ဘူး။” ဟု Unilever Foods North America ၏ Mark

Maddox က ဆိုသည်။

Dell ၏ Karen Bruett ကလည်း “၀န်ထမ်းတွေအနေနဲ့ ပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတာ ကိုယ့်အုပ်စုနဲ့ကိုယ် စဉ်းစားလုပ်ကိုင်ရမှာ ဖြစ်တယ်။ ဖြေရှင်းနည်းကို ဘယ်သူကမှ ပေးထားမှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် တစ်ယောက် ချင်းစီမှာ critical thinking/problem solving skills တွေ ရှိရမှာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘာလုပ်ပါ ဘာလုပ်ပါဆိုပြီး အမိန့်ပေးမဲ့လူ မရှိတော့လို့ပါ။” ဟု ဆိုသည်။

သို့သော် လူတွေကို “မည်ကဲ့သို့ စဉ်းစားပါ” ဆိုပြီး သင်ကြားပေးရန် ဖြစ်နိုင်မည်လား။ critical thinking/ problem solving ဆိုတာ ဘာကို အတိအကျ ဆိုလိုသနည်း။

ထိုမေးခွန်းများအတွက် အဖြေအချို့ ထွက်လာခဲ့သည်။ ပထမတစ်ခုမှာ အမေရိကားတွင် ထင်ရှားသည့် Collegiate Learning Assessment (CLA) ဖြစ်ပြီး ၎င်းကို the Council for Aid to Education and the Rand Corporation က တီထွင်ခဲ့သည်။ ၎င်းက “ကျောင်းသား၏ သတင်းအချက်အလက်ရင်းမြစ်များကို မှန်၏ မမှန်၏ အကဲဖြတ်ကာ အသေးစိတ်လေ့လာနားလည်နိုင်သည့် စွမ်းရည် (ability to evaluate and analyze source
information) ၊ ဆက်လက်၍ အဆုံးသတ်ကောက်ချက်ဆွဲကာ ထိုလေ့လာနားလည်မှုအပေါ် အခြေခံပြီး မိမိအယူအ
ဆတစ်ရပ်ကို တင်ပြနိုင်မှု စွမ်းရည်” ကို တိုင်းတာခြင်း ဖြစ်သည်။

ဒုတိယတစ်ခုမှာ OECD ၏ ၂၀၀၃ က ပြုလုပ်ခဲ့သော ကမ္ဘာ့လက်ရှိပြဿနာများကို ဖြေရှင်းခြင်းဆိုင်ရာ အထူး စစ်ဆေးချက် ဖြစ်သည်။ ၎င်းက ကျောင်းသားကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုကို အောက်ပါနည်းလမ်းသုံးမျိုးဖြင့် စစ်ဆေးသည်။

(၁) အကျပ်အတည်းများကြားတွင် ဆုံးဖြတ်ချက်ချခြင်း (Making decision under constraints)
(၂) အခြေအနေတစ်ခုအတွက် အစီအစဉ်များကို အကဲဖြတ်ကာ ဒီဇိုင်းဆွဲခြင်း (Evaluating and designing systems for a particular situation)
(၃) လက္ခဏာရပ်များအပေါ် အခြေခံကာ ပျက်စီးနေသော ပစ္စည်း (သို့) စနစ်တစ်ခုကို ဖြေရှင်းခြင်း (Troublshooting a malfunctioning device or system based on a set of symptoms)

OECD ၏ စစ်ဆေးချက်သည် ပညာရေးနယ်ပယ်တွင် သုံးနေကြသော “problem-solving” ဟုသော ဝေါဟာရနှင့် လက်တွေ့ဘ၀တွင် လိုအပ်သော “problem-solving” တို့၏ ကွာခြားပုံကို သက်သေပြနေသည်။ မည်သို့ ကွာ ခြားသနည်း။

“ကျောင်းတွေမှာ problem-solving ဆိုပြီး သင်ကြားပေးတဲ့အခါ စည်းမျဉ်းအပေါ် အခြေခံတဲ့ အဖြေတွေ (rules -based solutions) ရှိတဲ့ ပြဿနာတွေကိုပဲ အာရုံစိုက်လုပ်ကြတယ်။ အက္ခရာသချာင်္ကို နမူနာကြည့်။ ဖြေရှင်း နည်းရှိပြီးသား ပုစ္ဆာတွေက စာမေးပွဲစစ်ဖို့ လွယ်တယ်လေ။ ဒါပေမဲ့ အခုအချိန်မှာ အဲဒါမျိုးတွေကို ကွန်ပျူတာတွေ လုပ်နိုင်လာပြီလေ” ဟု သုတေသီ Levy နှင့် Murnane က ပြောကြသည်။

တတိယတစ်ခုကတော့ လူသားများ တွေးခေါ်စဉ်းစားပုံနှင့် ပက်သက်ပြီး ဆယ်စုနှစ်များစွာ လေ့လာခဲ့သည့် cognitive psychologists များ၏ အဖြေ ဖြစ်သည်။ ဗားဂျီးနီးယားတက္ကသိုလ်မှ စိတ်ပညာရှင်တစ်ဦးဖြစ်သူ Daniel Willingham က cognitive psychologists များအနေနှင့် critical thinking တွင် တွေးခေါ်ပုံ သုံးမျိုး ပါဝင်သည်ဟု ယူဆကြောင်း ၊ ၎င်းတို့မှာ ဆင်ခြင်ခြင်း (reasoning) ၊ ဆုံးဖြတ်ချက်ချခြင်း (making judgments and decisions) နှင့် ပြဿနာဖြေရှင်းခြင်း (problem-solving) တို့ ဖြစ်ကြောင်း ဆိုသည်။ cognitive psychologists များ လိုလားသော စဉ်းစားနည်းသည် စံသုံးရပ်နှင့် ပြည့်စုံသော critical thinking မျိုး ဖြစ်သည်။

ထိုစံသုံးရပ်မှာ ထိရောက်ခြင်း (effective) ၊ ဆန်းသစ်ခြင်း (novel) ၊ ကိုယ်တိုင်အားထုတ်ခြင်း (self-directed) ဖြစ်သည်။

သူတို့က reasoning နှင့် problem-solving တို့သည် အထွေထွေသုံးစဉ်းစားနည်းများ ဖြစ်သည်ဟု ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့ မဟုတ်ကြောင်း တွေ့လာရသည်။ reasoning နှင့် problem-solving skills များသည် အကြောင်းအရာတစ်ခုနှင့် ပက်သက်ပြီး ထဲထဲဝင်ဝင် နားလည်သိမြင်မှုအပေါ် အခြေခံကြောင်း သိ လာရသည်။ National Research Council က “စစ်တုရင် ၊ သမိုင်း ၊ သိပ္ပံ နဲ့ သချာင်္တို့လို ပညာရှင်ဆန်တဲ့ ဘာ သာရပ်တွေမှာ ကျွမ်းကျင်မှုဟာ အဲဒီဘာသာရပ်တွေနဲ့ ပက်သက်တဲ့ ဗဟုသုတအများကြီးကို အခြေခံပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်အပေါ် မှီတည်သည်” ဟု ကောက်ချက်ချခဲ့သည်။ထို့ကြောင့် လူလုပ်နိုင်ပြီး ကွန်ပျူတာ မလုပ်နိုင်သည့် အလုပ်များကို ဖော်ပြရန် critical thinking/problem solving ဟူသော ဝေါဟာရများအစား expert thinking ဟူသောဝေါဟာရကိုသုံးစွဲခြင်းဖြစ်သည်။  ကျောင်းများတွင်ပြဿနာများကိုကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းနည်းကို သင်ကြားနိုင်ရန် expert thinking နှင့် ပက်သက်သော သုတေသနများကို နားလည်သင့်သည်။

ပထမအချက်မှာ ပညာရှင်တစ်ယောက်သည် ဘာသာရပ်တစ်ခုအတွင်းရှိ အဆက်အစပ်မရှိသော အချက်အလက် များ (facts) ကိုသာ ဟိုတစ်ခု ဒီတစ်ခု သိရှိထားသူ မဟုတ်ခြင်း ဖြစ်သည်။ ထိုအချက်အလက်များ တစ်ခုနှင့်တစ်ခုကို ဆက်စပ်ထားသော ဘာသာရပ်တစ်ခုလုံး၏ အခြေခံသဘောတရား (the underlying ideas in a field) ကိုလည်း သိရှိထားသူ ဖြစ်သည်။ အချက်အလက်များသည် ဘာလဲ (what) ဆိုတာများသာ ဖြစ်ပြီး ထိုသဘောတရားများကသာလျှင် ဘာကြောင့် (why) နှင့် ဘယ်လို (how) များ ဖြစ်သည်။


ဥပမာဆိုရသော် ဆေးကျောင်းတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလွတ်မှတ်သားရုံဖြင့် ဆရာဝန်များသည် လူနာများ၏ ရောဂါကို ရှာဖွေနိုင်မည်မဟုတ်။ ထို့ကြောင့် ထိုအစိတ်အပိုင်းများ မည်သို့ဆက်နွယ်ကာမည်သို့အလုပ်လုပ်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုရှင်သန်လှုပ်ရှားရပ်တည်စေသလဲဆိုသည်ကိုလည်း နက်နက်နဲနဲ နားလည်ရသည်။ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများသည် အဖြေမှန်တစ်ခုရွေးရသည့် မေးခွန်းတွင် သွေး
လွှတ်ကြောများသည် သွေးပြန်ကြောများထက် ပျော့ပျောင်းကြောင်း ဖြေနိုင်ပါလိမ့်မည်။ သို့သော် သွေးလွှတ်ကြောများသည် ဘာ့ကြောင့် ပျော့ပျောင်းရသလဲ သိချင်မှ သိလိမ့်မည်။

ဒုတိယအချက်မှာ pattern recognition အဆင့် ဖြစ်သည်။ အကြောင်းအရာတစ်ခုကို အသေးစိတ်ဖြစ်ပြီး အလွန်

အစီအစဉ်ကျသော နားလည်မှုများကြောင့် ပညာရှင်များသည် အသစ်သိရှိလာသည်များကို မူရင်းအခြေခံနားလည် မှုများနှင့် ဆက်စပ်ကြည့်နိုင်ကြသည်။ ထို့ကြောင့် သာမန်လူများ မမြင်နိုင်သည့် အရာများကို အသစ်သိရှိမှုတွင် သူတို့
ရှာဖွေတွေ့ရှိနိုင်သည်။ ဥပမာ ရူပဗေဒပညာရှင်တစ်ယောက်သည် မြစ်ရေစီးကြောင်းနှင့် ပက်သက်သော ပြဿနာတစ်ခုသည် tailwinds နှင့် ပက်သက်သော ပြဿနာတစ်ခုနှင့် တူနေသည်ကို သတိထားမိသည်။ ထိုအဖြစ်အပျက်နှစ်ခုစလုံးသည် relative velocities ကဲ့သို့ သချာင်္စည်းမျဉ်းများနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သာမန်လူတစ်ယောက်အတွက်တော့ အစတွင်ပင် တစ်နေသည်။ ထိုအရာနှစ်ခုစလုံးသည် သူ့
အတွက်တော့ ဘာမှမဆိုင်သည့် အရာနှစ်ခုသာ ဖြစ်နေသည်။ ထိုစွမ်းရည်ကို ကွန်ပျူတာများလည်း မရရှိကြသေး။


ထို့ကြောင့် ဘာသာရပ်တစ်ခုနှင့် ပက်သက်သော အချက်အလက်များကို အလွတ်ကျက်မှတ်ရုံဖြင့် ကျောင်းသားများသည် problem-solver/critical thinker များ ဖြစ်မလာနိုင်ခြင်း ဖြစ်လေသည်။ ထိုအခါ သူတို့အနေနှင့်ဘာသာရပ်တစ်ခုလုံးကို ဘယ်တော့မှ နားလည်လာမည် မဟုတ်ပါ။ အကြောင်းမှာ ဆိုခဲ့သည့် အခြေခံသဘောတရား(why & how) ကို မဖမ်းဆုပ်မိသောကြောင့် ဖြစ်သည်။
နောက်ဆုံးအချက်မှာ ပညာရှင်များသည် metacognition တွင် တော်ကြသည်ဟုသော အချက် ဖြစ်သည်။

metacognition ဟူသည် မိမိအတွေးကို မိမိစောင့်ကြည့်ပြီး လွဲတတ်ချော်တတ်သည်များကို ရှောင်လွှဲခြင်း ဖြစ်သည်။
ကွန်ပျူတာများ အတုမယူနိုင်သေးသော လူသား၏ မွေးရာပါအရည်အချင်းတစ်ခု ဖြစ်သည်။

Levy နှင့် Murnane က literacy နှင့် math တို့သည် ပညာရှင်အဆင့် အသိပညာဗဟုသုတများ စုဆောင်းနိုင်ရန်အတွက် အရေးကြီးသည့် စွမ်းရည်များ ဖြစ်ကြောင်း ၊ စီးပွားရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများက ကျောင်းသားများအနေနှင့် reading ၊ math နှင့် communication skill တို့ကို အသုံးချကာ လေ့လာနေသော ဘာသာရပ်တွင် ထဲထဲဝင်ဝင် ကျွမ်းကျင်တတ်မြောက်မှုကို ပြသရန် လိုအပ်လာနေသည်ဟု အဆုံးသတ်ဆိုခဲ့သည်။

သမိုင်းဘာသာရပ်အတန်းနှင့် Expert Thinking
ကျောင်းသား (၁)
မေးခွန်း ။ ။ Spanish Armada တိုက်ပွဲဖြစ်ပွားတဲ့ နှစ်ကို ပြောပါ။
အဖြေ ။ ။ ၁၅၈၈ ခုနှစ်ပါ။
မေးခွန်း ။ ။ အဲဒါကို မင်း ဘယ်လိုသိတာလဲ။
အဖြေ ။ ။ စာမေးပွဲအတွက် ကျွန်တော် အလွတ်ကျက်ခဲ့တာလေ။
မေးခွန်း ။ ။ ဘာကြောင့် ဒီတိုက်ပွဲက နာမည်ကျော်တာလဲ။
အဖြေ ။ ။ ကျွန်တော် မသိ။

ကျောင်းသား (၂)
မေးခွန်း ။ ။ Spanish Armada တိုက်ပွဲဖြစ်ပွားတဲ့ နှစ်ကို ပြောပါ။
အဖြေ ။ ။ ၁၅၉၀ တစ်ဝှိုက်ပဲ။
မေးခွန်း ။ ။ မင်း ဘယ်လိုလုပ်သိလဲ။
အဖြေ ။ ။ အတိအကျတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အင်္ဂလိပ်တွေ ဗာဂျီးနီးယားမှာ စအခြေချတာ ၁၆၀၀ ခုနှစ် နောက်ပိုင်းမှပါ။ စပိန်အင်ပါယာက ရေကြောင်းကို ထိန်းချုပ်ထားသရွေ့တော့ သူတို့ နိုင်ငံရပ်ခြားကို နယ်ချဲ့တာတွေ ချက်ချင်းလုပ်ရဲမှာ မဟုတ်သေးဘူး။ အင်အားစုဆောင်းပြင်ဆင်ရဦးမယ်လေ။ အဲဒါကြောင့် ၁၅၀၀ ခုနှစ်များအတွင်းလောက်မှ ပင်လယ်ပြင်ကို သူတို့ စိုးမိုးနိုင်တာ ဖြစ်လိမ့်မယ်။

မူရင်း။ ။Craig D. Jerald ၏ Center for Public Education အတွက် ရေးသားချက်များမှ ကောက်နှုတ်သည်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!