Wednesday, February 25, 2015



အင်အားပါတဲ့ကိုယ်နေဟန်ထား -- ဘတ်စကက်ဘောလက်ဟန်

ဘတ်စကက်ဘောလက်ဟန်က လုံးဝစိတ်ချရတဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုလက်ဟန်မျိုးဟာ လူတကာနှစ်သက်တဲ့ အင်အားပါတဲ့လက်ဟန်ဖြစ်သလို ပြစ်မှုရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ (Columbo)ဇာတ်ကားထဲမှာလည်း မကြာခဏတွေ့ရတတ်တဲ့ လက်ဟန်ဖြစ်ပါတယ်။ ပြစ်မှုတစ်ခုတိုင်းရဲ့ဇာတ်သိမ်းပိုင်းမှာ Columboက ပြစ်မှုကျူးလွန်သူကို မေးမြန်းတော့မယ့်အခါတိုင်း လက်တစ်ဘက်မှာစီးကရက်ကိုညှပ်ပြီး တစ်ချိန်တည်းမှာပဲ ကျန်လက်တစ်ဘက်နဲ့အတူ ဘတ်စကက်ဘောလက်ဟန်ကို ပြုလုပ်တတ်ခဲ့တယ်။ ဒီအတွက် လူတွေကို သူဟာ ရိုးသားတယ်၊ သဘောထားကြီးတယ်၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတယ်ဆိုတဲ့ ထင်မြင်ချက်ကိုပေးနိုင်ခဲ့ပါတယ်။

တကယ်လို့ လက်နှစ်ဘက်ရဲ့လက်ညှိုးထိပ်ချင်းထိတွေ့တဲ့အမူအရာကို တဖြည်းဖြည်းချဲ့ပြီး ဘောလုံးတစ်လုံးကိုကိုင်ထားတယ်ဆိုတဲ့ လက်ဟန်အနေအထားပြောင်းလိုက်ရင် သင်ဟာ မျှော်လင့်ချက်အပြည့်၊ လူတွေနှစ်သက်တဲ့၊ စိတ်တစ်ခုလုံးနဲ့ပေးဆပ်မယ့်၊ ယုံကြည်မှုကိုစွဲစွဲမြဲမြဲလက်ကိုင်ထားတယ်ဆိုတဲ့ လူတွေရဲ့အမြင်ကိုရရှိပြီး အမှတ်တိုးပေးနိုင်တဲ့အကျိုးကို ရနိုင်ပါတယ်။ ဒါဟာ သင်သဘောထားနဲ့ထပ်တူကျအောင်၊ သင့်အပေါ်ယုံကြည်အောင်လုပ်တဲ့ အင်အားပါတဲ့အမူအရာဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုနေရာမျိုးမှာမဆို အသုံးပြုနိုင်တဲ့ အင်အားရှိအမူအရာဖြစ်ပါတယ်။ မင်္ဂလာပွဲမှာဖြစ်ဖြစ်၊ မိသားစုဆွေးနွေးပွဲမှာဖြစ်ဖြစ်၊ လှုံ့ဆော်ရေးဟောပြောပွဲမှာဖြစ်ဖြစ်၊ ထိပ်တိုက်ရင်ဆိုင်ပြောဆိုရာမှာဖြစ်ဖြစ်၊
ဆွေးနွေးညှိနှိုင်းပွဲမှာဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

ပုံထဲမှာက အမေရိကန်သမ္မတအိုဘားမားက ဘတ်စကက်ဘောလက်ဟန်ကို အသုံးပြုပြီး စိတ်အားထက်သန်မှု၊ သြဇာအာဏာကို ထုတ်ဖော်ပြသနေပါတယ်။

Body Language စာအုပ်ထဲမှာ ခေါင်းအမူအရာ၊ မျက်နှာအမူအရာကနေ ခြေမျက်စိရဲ့အနေအထားအထိ ဒီလို စိတ်ဝင်စားစရာ ဥပမာတွေနဲ့ ရေးထားပါတယ်ပေါ့...
နေ့တစ်နေ့မှာ ဟောပြောပွဲတစ်ခုအတွက် ဝါရှင်တန်မြို့ကဘဏ်တစ်ခုထဲ ကျွန်မလှမ်းဝင်မယ်လုပ်တုန်းမှာ ကျွန်မရဲ့ဖုန်း ရုတ်တရက်မြည်လာခဲ့ပါတယ်။ ဖုန်းဆက်သူက “Inside Edition”ဆိုတဲ့အစီအစဉ်ကို ထုတ်လုပ်သူပါ။ မန်ဆာချူးဆက်ပြည်နယ်က Hopkintonမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုအကြောင်းကို သူတို့စုံစမ်းစစ်ဆေးချင်လို့ဖြစ်ပါတယ်။ အဲဒီအမှုမှာ မိခင်ငယ်တစ်ဦးနဲ့ ၉လသားအရွယ်သမီးလေးတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ အမှုဖြစ်ပွားတဲ့နေရာက ကျွန်မရဲ့ဇာတိမြို့နဲ့ မိုင်၃ဝလောက်တောင် မဝေးခဲ့ပါဘူး။

သေဆုံးသူအမျိုးသမီးရဲ့ယောက်ျား၊ ကလေးငယ်ရဲ့ဖခင် Neil Entwistleက အင်္ဂလန်နိုင်ငံသား ကွန်ပျူတာပရိုဂရမ်မာတစ်ဦးဖြစ်ပါတယ်။ တရားရုံးမှာ ဇနီးနဲ့သမီးရဲ့ သွေးအလိမ်းလိမ်းဓာတ်ပုံကို ထုတ်ပြတဲ့အချိန် Neilငိုပါတယ်။ သူ့ရှေ့နေကလည်း သူဝမ်းနည်းပက်လက်ငိုကြွေးနေပါတယ်လို့ ကျွန်မကိုထင်မြင်စေချင်ပါတယ်။ ဒါပေမဲ့ Neilမှာ ဝမ်းသာတဲ့အမူအရာ အမှတ်တမဲ့ပေါ်သွားခဲ့ပါတယ်။ “Neil ရယ်မနေပါဘူး.. သူ အရမ်းစိတ်ထိခိုက်နေတယ်။ ဇနီးရော၊ သမီးကိုပါ သူဆုံးရှုံးခဲ့ရပြီ။ သူဟာ မေတ္တာအပြည့်ရှိတဲ့ဖခင်တစ်ဦးဖြစ်သလို လင်ယောက်ျားကောင်းတစ်ဦးလည်းဖြစ်တယ်လို့ သက်သေတွေက ထွက်ဆိုထားပါတယ်”လို့ သူ့ရှေ့နေကပြောပါတယ်။

တရားရုံးထုတ်ပြီးနောက် အဲဒီညနေမှာပဲ “Inside Edition” အစီအစဉ်မှာ ဧည့်သည်တော်အဖြစ်နဲ့ ကျွန်မပါဝင်ခဲ့ပါတယ်။ တရားရုံးမှာရိုက်ခဲ့တဲ့ ဗွီဒီယိုတိုလေးကိုကြည့်ပြီးတဲ့နောက် ကျွန်မမြင်ခဲ့သမျှကို ကျွန်မပြောပါတယ်။

“Neilက သူ့မျက်စိရှေ့မှာမြင်နေရတဲ့ တကယ့်ခံစားချက်ကို ထုတ်ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ဒီလိုအမူအရာမျိုး မိနစ်ပိုင်းလောက်သာဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ သူစိတ်လှုပ်ရှားလွန်းလို့လည်းဖြစ်နိုင်တယ်လို့ ကျွန်မပြောမှာပါ။ ဒါပေမဲ့ ဒါဟာ ဝမ်းနည်းတာမဟုတ်ပါဘူး။ သူ တောက်တောက်ပပပြုံးလိုက်တာပါ။ မျက်လုံးထောင့်စွန်းက အရစ်ကြောင်းတောင်ပေါ်ပါတယ်။ ဒါဟာ ဝမ်းနည်းတဲ့အမူအရာမဟုတ်ဘူး၊ ဒါဟာ စိတ်ထိခိုက်တဲ့အမူအရာမဟုတ်ဘူးဆိုတာကို ကိုယ်ဟန်အပြုအမူအကြောင်းမသိတဲ့လူကတောင် သိနိုင်ပါတယ်”။

Neilရဲ့မျက်နှာအမူအရာက တရားခံတွေမှာတွေ့ရတတ်တဲ့ အမူအရာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်တ္တဇဆန်တဲ့တရားခံတွေမှာ ဖြစ်ပါတယ်။ လူလိမ်ရဲ့ပျော်ရွှင်ခြင်းဆိုတာ လူလိမ်ဟာ လိမ်ညာတဲ့အပြုအမူနဲ့ ကျေနပ်မှုကိုရယူတာဖြစ်ပါတယ်။ ဒါကြောင့် သူ့မျက်နှာပေါ်မှာ
ပျော်ရွှင်တဲ့အမူအရာပေါ်တာဖြစ်တယ်။ လိမ်ညာသူဟာ တစ်ဘက်လူကို လိမ်နိုင်လိုက်တဲ့တခဏ သူတို့ဟာ ဂုဏ်ယူဝမ်းသာခံစားလိုက်ပါတယ်။ ဒါကြောင့် ခံစားချက်နဲ့ အခြေအနေမကိုက်ညီတဲ့အခါ “ဒီလိုအချိန်မျိုးမှာ သူ့ခံစားချက်က ဝမ်းနည်းပက်လယ်ဖြစ်ရမယ့်အစား ဘာဖြစ်လို့ သူဝမ်းသာနေသလဲ”....

ဓာတ်ပုံထဲက Neilဟာ ဝမ်းနည်းတဲ့အမူအရာ လုံးလုံးမပေါက်ပါဘူး။ တကယ်တမ်းလည်း သူဟာရယ်နေတာပါ။ စိတ်ထိခိုက်တာ၊ ဝမ်းနည်းတာကို တကယ့်ခံစားမိချိန်မှာ လူရဲ့နှုတ်ခမ်းထောင့်စွန်းက အောက်ကိုကွေးညွတ် သွားတတ်ပါတယ်၊ မျက်ခုံးနှစ်ဖက် နီးကပ်သွားတတ်ပါတယ်။ Neilကတော့ လူလိမ်ရဲ့ဝမ်းသာပျော်ရွှင်ခြင်းကို ထုတ်ဖော်ပြသနေခဲ့ပါတယ်

Credit - 99 Sanay
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!