Friday, April 3, 2015



ဆောင်းပါရှင် - ဧဧသက် 
ယနေ့အချိန်တွင် နာမည်ကျော်ကြား လူကြိုက်များလျက်ရှိသော Website တို့တွင် ထူးခြားသောဖြစ်စဉ်များ၊ ထူးခြားသောသမိုင်းကြောင်းများ ရှိကြပါသည်။ အင်တာနက်သုံးစွဲသူများ ဗဟုသုတတိုးပွားရအောင် ယင်းအကြောင်းလေးများကို ဖောက်သည်ချချင်ပါသည်။

Facebook
၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလတွင် Facebook ၏သက်တမ်းသည် ဆယ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ထိုဆယ်နှစ်တာကာလတွင် Facebook သည် အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့သည်။ ထိုအပြောင်းအလဲများစွာကပင် အချို့အချို့သော သုံးစွဲသူများအား စိတ်ကသိကအောက်ဖြစ်စေခဲ့ပါသည်။ ပြောင်းလဲသည့်နေရာတွင် Website ၏ မူရင်းအမည်ဖြစ်သော Thefacebook.com ကိုပင်မချန်။ သို့သော် မည်သည့်အခါမှ မပြောင်းလဲသည့်အရာတစ်ခုရှိသည်။ Facebook ၏ Logo မှာ အပြာရောင်နှင့်အဖြူရောင် အမြဲဖြစ်နေခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် Facebook ကို ပထမဆုံးသုံးစွဲသူနှင့် တည်ထောင်သူဖြစ်သော Mark Zukerberg ကြောင့်ဟု ဆိုရပါမည်။ Zukerberg သည် အစိမ်းရောင်နှင့်အနီရောင်ကို ခွဲခြားနိုင်စွမ်းမရှိ သော အရောင်ကန်းသူဖြစ်သည်။ သူ့အတွက်ဆိုလျှင် အပြာရောင်နှင့် အဖြူရောင်ကသာ အဆင်ပြေဆုံးအရောင် များသာဖြစ်ပါသည်။

Craigslist
အင်တာနက်ကို နှံ့နှံ့စပ်စပ် ဝင်ရောက်ကြည့်ဖူးသူဆိုလျှင် Craigslist ဟူသော Website ကို ကောင်းစွာသိကြပါလိမ့်မည်။ သို့သော် Craig Newmark ဆိုသော လူတစ်ယောက်၏ အမည်ကိုကား ကြားဖူး
ကြမည်မထင်ပါ။ Craigslist Website သည် အမေရိကန်ပြည်ထောင်စုရှိ ကြော်ငြာအသေးစား ဈေးကွက် (Classified ads) များကို တစ်ဦးတည်းမောင်ပိုင်စီးမိထားသူဖြစ်သည်။ သန်းနှင့်ချီသောအလုပ်ရှာသူများနှင့် လျှော့ဈေးအချိုအချောင်ရှာသူများထံသို့ သူ့ကြော်ငြာများက လစဉ်ရောက်သည်။ အွန်လိုင်းလုပ်ငန်းသစ်ထူ ထောင်မည့်သူများနှင့်ပတ်သက်၍ Craig ကပြောသော အကြံတစ်ခုရှိသည်။ လုပ်ငန်းအသစ်ကို Website နှင့် မစပါနှင့်။ အီးမေးလ်များ ပေးပို့ခြင်းဖြင့် စပါဟူ၏။
Craig Newmark သည် ထိုလမ်းစဉ်အတိုင်းလိုက်ခဲ့သူဖြစ်သည်။ ၁၉၉၄ ခုနှစ်ကဆိုလျှင် သူသည် ဆန်ဆရန်စစ္စကိုတွင်နေသော Software developer ဖြစ်သည်။ ထိုဒေသတစ်ဝိုက်တွင်နေသော သူ့လိုပညာ
ရှင်များနှင့် မကြာခဏသူတွေ့ဆုံဆိုသည်။ ထိုစိတ်ကူရပြီးသည့်နောက်တွင် တွေ့ဆုံပွဲလေးများပြုလုပ်ရန် စာရင်းဆွဲပြီးနောက် နီးစပ်ရာပညာရှင်အချို့ထံ အီးမေးလ်ပို့ပါတော့သည်။ အီးမေးလ်ပို့ရာတွင် လူအများစုထံ မပို့။ အုပ်စုငယ်များထံသို့သာပို့သည်။ ထိုသို့ဖြင့် သူဖွဲ့စည်းသောအုပ်စု တဖြည်းဖြည်းကြီးထွားလာသည့်အခါ အဖွဲ့ဝင်များက အလုပ်အကိုင်အခွင့်အလမ်းသစ်များရောင်းချရန် ပစ္စည်းအမျိုးသစ်များကိုပါ ပေးပို့ရန်တောင်း ဆိုလာကြပါသည်။
အုပ်စုဝင် ၂၅၀ ပြည့်သည့် ၁၉၉၅ ခုနှစ်တွင် Craig သည် သူ၏လုပ်ငန်းကို တရားဝင်စတင်တည်ထောင်သည်။ Website ၏ အမည်ကိုသူက SF Events ဟုပေးလိုသည်။ သို့သော် အုပ်စုဝင်များက Craig’s List ဟူသော အမည်ပေးရန် ဆန္ဒပြုသည့်အတွက် ထိုအမည်က အတည်ဖြစ်သွားခဲ့သည်။ ထိုအမည်သည် ၁၉၉၇ ခုနှစ်အထိ မူရင်းအမည်အဖြစ် တည်တံ့နေခဲ့သည်။ ယင်းနောက်ပိုင်းတွင်မူ Craigslist.org အမည်ဖြင့် ထင်ရှားလာခဲ့ပါသည်။

Web MD
ဗိုက်အောင့်သည်ဖြစ်စေ၊ ခေါင်းကိုက်သည်ဖြစ်စေ၊ အသေးစားနာမကျန်းမှုဖြစ်လျှင် ဆရာဝန်ထံ ချက်ချင်းရောက်သူအလွန်ရှားသည်။ အင်တာနက်ထွန်းကားသော တိုင်းပြည်များတွင်မူ WebMD ကဲ့သို့သော Website များက လူနာများ ကနဦးလေ့လာရာနေရာဖြစ်လာသည်။ အဖြစ်များသော ရောဂါများအတွက် WebMD က ပျောက်ကင်းချမ်းသာစေမည့်နည်းလမ်းတို့ကို(ကုထုံးမှလွဲ၍)ပေးပါသည်။ သို့သော်အချို့အသေးအမွှားကိစ္စများအတွက် လုပ်ထုံးလုပ်နည်းကိုလည်းပေးသည်။ ဥပမာဆိုရသော် ခြေကျင်းဝတ်အကြောတင်ခြင်းအတွက် ထိုခိုက်သောနေရာကို အပေါ်ဖက်သို့ မြှင့်ထားရန် အကြံပြုခြင်းမျိုးဖြစ်သည်။ အချို့သောဝေဒနာများအတွက် ကုထုံးမှာ ဆန်းပြားသည်။ သီးချင်းနားထောင်ရန်၊ ကဗျာစပ်ရန်၊ ရုပ်ရှင်ကြည့်ရန်တို့ကိုအကြံပြုသည်။ ယင်းမှာ အသည်းကွဲဝေဒနာအတွက်ဖြစ်ပါသည်။

eBay
လူတစ်ယောက်အတွက်အမှိုက်သည် အခြားသူတစ်ယောက်အတွက် ရွှေဖြစ်ကောင်းဖြစ်နေနိုင်သည်။ ထိုသို့သော အတွေးအဆဖြင့် eBay ကိုတည်ထောင်ခဲ့ပါသည်။ ယင်းအတွေးအဆမှန်ကန်ကြောင်း eBay ကဲ့ သို့ မည်သူမှ လက်တွေ့ကျကျသက်သေမပြနိုင်ပါ။ Pierre Omidyar က Auction Web ဟူသော အမည်ဖြင့် Website အသစ်တည်ထောင်ရန် စိတ်ကူးသည်။ ယနေ့အချိန်တွင် အွန်လိုင်းလေလံ ဘီလူးကြီးဖြစ်နေသော eBay ၏ မူလအစဖြစ်ပါသည်။ eBay ၏ ပထမဆုံးလေလံပွဲတွင် တင်ခဲ့သည်မှာ ကျိုးပဲ့ပျက်စီးနေသော Laser Pointer တစ်ခုဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ တစ်စုံတစ်ဦးက ယင်းကို ၁၄.၈၃ ဒေါ်လာဖြင့် လေလံဆွဲသွား ခဲ့ပါသည်။ ယင်းပစ္စည်းသည် အပျက်ဖြစ်ကြောင်း Omidyar ကလေလံဆွဲသူထံသို့ အီးမေးလ်ပို့ခဲ့သည်။ သို့သော် လေလံဆွဲသူက ထိုကိစ္စကိုသူသိကြောင်း၊ သူ့တွင် ရည်ရွယ်ချက်တစ်ခုရှိသောကြောင့် Laser Pointer အပျက်များကို စုဆောင်းနေခြင်းဖြစ်ကြောင်း ပြန်စာပို့ခဲ့ပါသည်။

Amazon
ယနေ့အချိန်တွင် Kindle ebook reader များကြောင့် ကမ္ဘာတစ်လွှားတွင် Amazon ကိုလူသိများပါသည်။ အွန်လိုင်းလက်လီအရောင်းလောက၏ ဘီလူးကြီးဖြစ်သော Amazon သည် ကနဦးပိုင်းအစဉ်အလာများအ နက်တစ်ခုကို ယခုတိုင် ထိန်းသိမ်းထားပါသည်။ ယင်းမှာ Amazon တွင် အလုပ်လုပ်မည့်သူမှန်သမျှသည် ပြင်းပြင်းထန်ထန်ခေါင်းကိုက်ဖူးသူဖြစ်ရမည်ဆိုခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ ယခင်ကဆိုလျှင် Amazon သည် တည်ထောင်စ ကုမ္ပဏီငယ်လေးမျှသာဖြစ်ခဲ့သည်။ ပထမဆုံးထုတ်လုပ်သောလက်လီ ပစ္စည်းများတွင် တံခါးရွက်အဟောင်းများမှနေ၍ အိမ်တွင်းလက်မှုလုပ်ငန်းဖြင့် ထုတ်လုပ်သော စာရေးစာပွဲခုံ များပါသည်။ ပထမဆုံးစာရေးစားပွဲကို Amazon တည်ထောင်သူ Jeff Bezos ကိုယ်တိုင်ဝင်လုပ်ခဲ့ရသည်ဟု အဆိုရှိသည်။ ခေါင်းမကိုက်ပဲ မခံနိုင်။
ထိုစားပွဲခုံများသည် Amazon ကုမ္ပဏီတွင် ပထမဆုံးအလုပ်ဝင်သော ဝန်ထမ်းများအတွက်ဖြစ်သည်။ မော်တော်ကားဂိုဒေါင်ကို အသွင်ပြောင်းထားသော ပထမဆုံးရုံးခန်းအား အနွေးဓာတ်ပေးရာတွင် heater စစ် စစ်ကို မသုံနိုင်ဘဲ လျှပ်စစ်မီးဖိုကွိုင်များဖြင့်သာ အပူပေးခဲ့ရသည်။ ကွန်ပျူတာစားပွဲတွင်လည်း ခေါင်းလောင်း တစ်လုံးထားသည်။ လူတစ်ယောက်က စာအုပ်တစ်အုပ်ဝယ်တိုင်း ခေါင်းလောင်းတစ်ချက်တီးရန်ဖြစ်သည်။ သို့သော် ယင်းအစဉ်အလာကို Amazon က အနှေးနှင့်အမြန် ရပ်ဆိုင်းရဖို့ဖြစ်ပါသည်။ အကြောင်းမှာ စာအုပ် အမှာစာများက အလျင်အမြန် တိုးတက်များပြားလာ၍ ဖြစ်သည်။ သို့နှင့် ယင်းခေါင်းလောင်းသည် ကြီးကျယ် မြင့်မြတ်သောနေရာမှ အဆင့်လျော့သွားခဲ့ပါသည်။

Twitter
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်
တွင် ငလျင်လှုပ်ခဲ့သည်။ ငလျင်လှုပ်သည်ကို ကြုံဖူးလိုက်သူတို့မှာ Twitter ကို ဆေးစွဲသလိုစွဲနေသော နယူ
ရောခ့်မြို့သားများဖြစ်ပါသည်။ ငလျင်ဗဟိုပြုရာအရပ်သည် မြောက်ဗာဂျီးနီးယားနယ်ဖြစ်သည်။ အမျိုးသား တိရစ္ဆာန်ဥယာဉ်၏အဆိုအရ ယင်းဥယျာဉ်ထဲတွင် ခြံလှောင်မွေးထားသောမျောက်များသည် ငလျင်မလှုမ်မီ ၁၅ မိနစ်အလိုကပင် ကြိုတင်သတိပေးအချက်ပြမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
လူသားများအတွက်ဆိုရင်ကော Twitter ရှိပါသည်။ ငလျင်စလှုပ်ပြီဟုဆိုသည်နှင့်တစ်ပြိုင်နက် ဝါရှင်တန်ဒီစီ
နှင့် ဗာဂျီးနီးယားနယ်တွင် နေထိုင်သူအတော်များများသည် ငလျင်အကြောင်းကို Twitter ပေါ်သို့တင်ခဲ့ကြ သည်။ Twitter ရွေ့လျားရာလမ်းကြောင်းက ငလျင်ရွေ့လျားရာလမ်းကြောင်းထက်ပင်မြန်ပါသေးသည်။ နယူးရော့စ်နှင့် ဘော်စတွန်ဒေသတဝိုက်နေသူများသည် သူတို့နေရောအရပ်၌ ငလျင်မလှုပ်မီ ၁၅ စက္ကန့်မှ ၃၀ စက္ကန့်အထိ ကြိုတင်ပြီး ငလျင်သတင်းကို ရခဲ့ကြပါသည်။

Google 
Google ၏အနာဂတ်ရည်မှန်းချက်ကား အဘယ်နည်း။ Google Glass လော။ မောင်းသူမဲ့ကားလော။ ထိုနှစ်မျိုးစလုံး မှန်သင့်သလောက်မှန်ပ်သည်။ သို့သော် အနာဂတ်တွင် Google အကြီးအကျယ်နေရာယူမည့် ကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်အား မထိခိုက်သော စွမ်းအင်ထုတ်လုပ်မှုကို Google က အဓိကထားသည်။ ထို့ကြောင့် နေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်ကဏ္ဍများတွင် ရင်နှီးမြုပ်နှံသည်။ Google ပိုင်သောမြက်ခင်းများပေါ်တွင် ဆိတ်များကို အငှားထားသည်။ တိရစ္ဆာန်မစင်မှ နေ၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ရန် ရည်ရွယ်၍ဖြစ်သည်။ သို့သော်ယင်းနည်းများဖြင့် လုံလောက်သောစွမ်းအင် ကို မရနိုင်၍ အခြားသောနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားထုန်လုပ်ရန် ၂၀၁၀ ခုနှစ်တွင် US Federal Energy Regulatory Commission မှနေ၍ ခွင့်ပြုချက်တောင်းခံခဲ့သည်။ ထိုကိစ္စအတွက်လည်း Google လက်အောက်ခံလုပ်ငန်းခွဲဖြစ်သော Google Energy ကို ၂၀၀၉ ခုနှစ်ကပင် တည်ထောင်ခဲ့ပြီးဖြစ်သည်။ ယင်းကိစ္စကို လူသိနည်းပါသည်။ ယခုလောလောဆယ်တွင် Google သည် လူမသိသူမသိ လျှပ်စစ်ဓာတ်
အားပွဲစားလုပ်ပါသည်။ အနာဂတ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချသူလည်း ဖြစ်လာနိုင်ပါသည်။

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!