ဒီဘက်ခေတ် လူငယ်အများစုဟာ ပညာရေးကို
အာရုံစူးစိုက်မှု အားနည်းလာကြတာ တွေ့နေရတော့ ဦးဟန်ကြည် တစ်ယောက် တော်တော်လေး
စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒီလိုအာရုံစူးစိုက်မှု နည်းလာတာနဲ့အမျှ
အင်တိုက်အားတိုက် ကြိုးစားချင်စိတ်၊ ဇွဲ၊ သတ္တိစတာတွေလည်း လျော့ကျလာပါတော့တယ်။
ဒီပုံစံအတိုင်း ကြာကြာလွှတ်ထားရင်တော့ ပညာတတ်မျိုးဆက်သစ်တွေကို
အုံနဲ့ကျင်းနဲ့မြင်ရဖို့ အခွင့်အရေးနည်းသထက်နည်းလာမှာ သေချာနေပါသေးရဲ့။
အဆိုးတကာ့အဆိုးဆုံးကတော့ ပညာခေတ်ကြီးမှာ ကိုယ့်ထက်ပညာတတ်တဲ့ တိုင်းပြည်တွေကို
မော့ကြည့်နေရတော့မယ့် အဖြစ်ပါပဲ။ အဲဒီတော့ ဒီလိုဖြစ်ရခြင်းဟာ
ဘယ်သူ့ကြောင့်လဲဆိုတာကို ပညာရေးလောကသားပီပီ အဖြေရှာကြည့်မိပါတော့တယ်။
တကယ်တန်းဆန်းစစ်ကြည့်တဲ့အခါမှာ လူငယ်တွေ ပညာရေးကိုအလေးထားမှု နည်းလာခြင်းဟာ လူကြီးတွေကြောင့် ဖြစ်ရတယ်ဆိုတာကို ထင်းထင်းကြီး မြင်ရပါတော့တယ်။ လူကြီးဆိုတော့ တိုင်းပြည်မှာရှိနေကြတဲ့ လူများစုကြီးကိုပဲ ဆိုလိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လောလောလတ်လတ် ပညာတတ်ဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းနေတဲ့ဝန်ထမ်းတွေ၊ ပညာတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြတဲ့သူတွေရဲ့ပါးစပ်က ထွက်လာနေတဲ့စကားတွေကို နားထောင်ကြည့်ပါ။ ဘွဲ့ရပညာတတ် ၀န်ထမ်းတစ်ယောက်က “သင်လိုက်ရတဲ့ပညာတွေ၊ ကုန်လိုက်တဲ့ ကျောင်းစရိတ်တွေ၊ သောက်သောက်ကိုလဲနေတာပဲ အခုဝန်ထမ်းပြန်ဖြစ်တော့ ရတဲ့လစာက တစ်လလုံးနေမှ လေးသောင်းခွဲ၊ ၀န်ထမ်းတစ်သက်ရမယ့်လစာအားလုံး ပေါင်းကြည့်ရင် ကျောင်းစရိတ်တောင် မကျေဘူး” လို့ လူရှေ့သူရှေ့၊ သားသမီးရှေ့ပါမရှောင် ညည်းပြပါတယ်။ ဘွဲ့ရပြီး အပြင်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကလည်း “ဘွဲ့ရလည်း ဘာမှသုံးလို့ရတာမှတ်လို့၊ ငါတို့သာကြည့်ပေတော့၊ ဘွဲ့ရထားလည်း ဈေးရောင်းစားရတာပါပဲ၊ ဘွဲ့မရ စာမတတ်ဘဲ ဈေးရောင်းနေတဲ့သူတောင် ငါ့တို့ထက် ပိုချမ်းသာသေးတယ်” လို့ သံကုန်ဟစ်ပြန်ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါ။ စာမတတ်ပေမတတ်နဲ့ စီးပွားရေးလုပ်စားပြီး အောင်မြင်နေတဲ့သူတွေကလည်း “ပညာတတ်တော့ ဘာလုပ်မှာလဲ၊ ဒီကောင်တွေ တို့လောက်တောင် ၀င်ငွေမရှိဘူး” ကြွေးကြော်ပြန်ပါတယ်။ ပညာလည်းမတတ် လုပ်ငန်းလည်း မအောင်မြင်တဲ့သူတွေကလည်း အားကျမခံ သံယောင်လိုက်ပြီး “ဘွဲ့ရလည်း အလကားပါကွာ၊ တို့အိမ်ရှေ့က စာရေးကြီးကိုကြည့်၊ ထမင်းတောင်နပ်မှန်တာမဟုတ်ဘူး၊ လေးတန်းနဲ့ကျောင်းထွက်ပြီး ချဲရောင်းစားနေတဲ့ မိအေးတောင် သူ့ထက်ဝင်ငွေကောင်းသေးတယ်” လို့ ဆိုပြန်ပါတယ်။
အဲဒီတော့ လူတန်းစားတော်တော်များများရဲ့အဲဒီလို အင်တိုက်အားတိုက် အားပေးသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ ကလေးတွေရဲ့ အတွေးထဲမှာ ဘာတွေတွေးကြမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကျောင်းကဆရာ၊ ဆရာမတွေကလည်း သူတို့ရတဲ့လစာနဲ့ သူတို့လုပ်ရတာနဲ့ မမျှကြောင်း မကြာမကြာ ညည်းပြကြတာတွေကို ကြားရပြန်တဲ့ ကျောင်းသားတွေမှာ ပညာကို အင်တိုက်အားတိုက် ကြိုးစားချင်စိတ်တွေ ပျောက်ကုန်တာ အဆန်းမဟုတ်တော့ပါ။
တကယ်တော့ ပညာရဲ့တန်ဖိုးကို ပညာတတ်တွေပဲ သိကြပါတယ်။ ပညာမတတ်သူတွေက ပညာတန်ဖိုးမသိလို့ ဝေဖန်တာ၊ အပြစ်တင်တာ၊ ပညာကို အကောင်းမမြင်တာ သဘာဝကျပါတယ်။ ခက်နေတာက ပညာတတ်တွေကိုယ်တိုင်က ကိုယ့်ပညာကို တန်ဖိုးမထားခြင်းပဲဖြစ်ပါတယ်။ ပညာကို ပိုင်ဆိုင်နေသူတွေကိုယ်တိုင်တောင် ကိုယ့်ပညာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့နောက် အဲဒီတိုင်းပြည်ဟာ ပျက်စီးရုံပဲ ကျန်တော့တယ် မဟုတ်ပါလား။
ပညာတတ်တွေကိုယ်တိုင်ကပညာကို ဘာကြောင့် တန်ဖိုးမထားချင်ကြတော့တာလဲ…
အဖြေကရှင်းပါတယ်။ ပညာတတ်တွေကိုယ်တိုင်က ပညာတန်ဖိုးကို ငွေနဲ့တိုင်းတာလာကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားဘ၀က ကိုယ့်ထက်စာညံ့တဲ့သူငယ်ချင်းတွေက ကားတစ်ဝီ၀ီနဲ့ဖြစ်နေချိန်မှာ ကိုယ်က စက်ဘီးစုတ်ကလေးနဲ့ ဖြစ်နေတာကို မခံစားနိုင်တာတွေကြောင့်လည်း ပါပါတယ်။ သူတို့တွေးတာ လုံးဝမှားပါတယ်။ ဘာကြောင့်လဲဆိုတော့ မျိုးမတူတာနှစ်ခုကို ညီမျှခြင်းချဖို့၊ နှိုင်းယှဉ်ကြည့်ဖို့ ကြိုးစားနေတာကြောင့်ပါ။
တကယ်တော့ ပညာတတ်တွေတွေးသင့်တာက ကိုယ့်မှာရှိတဲ့ ပညာရဲ့ပင်ကိုတန်ဖိုးစစ်စစ်ကိုပါ။ အခုတော့ ထမင်းမျက်နှာကြည့်ရင်း “ပညာရွှေအိုး၊ လူမခိုး” ဆိုတဲ့ ဆိုရိုးကို မေ့ကုန်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်အရာကမှ မဖျက်ဆီးနိုင်တဲ့ ဦးဏှောက်အရင်းအနှီးဟာ ရန်သူမျိုးငါးပါးဘေးက လွတ်တယ်ဆိုတဲ့ တစ်ချက်ထဲနဲ့တင် ပျက်စီးနိုင်တဲ့ ငွေကြေးနဲ့ မနှိုင်းယှဉ်သာအောင် ကွာခြားနေပြီးသားပါ။ ဥပမာတစ်ခု တွေးကြည့်ရအောင်ပါ။ တကယ်လို့များ တိုင်းပြည်တစ်ခုလုံး မီးလောင်ပြာကျသွားပြီး အားလုံးကုန်းကောက်စရာ မရှိတဲ့ အချိန်မှာ ပြာပုံထဲက ဘယ်သူအရင် ကုန်းထလာမလဲဆိုတာကိုမြင်ယောင်ကြည့်ပါ။ ပညာရှင်ကပဲ အရင်ထလာမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ပညာကို မီးရှို့ပစ်လို့မှ မရတာကလား။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ ပညာတတ်ခြင်းအားဖြင့် လောကမှာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ အသိဥာဏ်ကိုပါ ပိုင်ဆိုင်ထားတာကိုလည်း ပညာတတ်တွေ မေ့နေကြပြန်ပါတယ်။ လူဖြစ်လာရခြင်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်မှာ စားဖို့၊ ၀တ်ဖို့၊ နေဖို့တင်မကဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိနိုင်ဖို့ဆိုတာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါနေတာကို မေ့ထားလို့မဖြစ်ပါ။ ပညာတတ်တစ်ယောက်မှာ ရှိတဲ့၊ ပညာတတ်ဖြစ်ခြင်းကြောင့်ရခဲ့တဲ့ အဲဒီအသိဥာဏ်ဟာ စီးပွားဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် ဘ၀ကိုဖြတ်သန်းဖို့ သံသရာကို ကျေုာ်လွှားဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အနဂ္ဃရတနာစစ်စစ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ အဲဒီအသိဥာဏ်မျိုးကို ရဖို့ ထမင်းနဲ့လဲ လဲသင့်သလို၊ လောကမှာရှိတဲ့ အရာအားလုံးနဲ့လဲ လဲသင့်ပါရဲ့။
သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်ဟာ
အဲဒီအသိဥာဏ်မျိုးရဖို့အတွက် ဘ၀ပေါင်းများစွာ အသက်တွေ၊ စည်းစိမ်တွေနဲ့ရင်းပြီး
ကြိုးစားတော်မူခဲ့တယ်မဟုတ်ပါလား။ ရှင်တော်ဘုရားတောင်မှ
လောကကိုထိုးထွင်းသိမြင်ခြင်း၊ တစ်နည်းအားဖြင့် အမှားအမှန်ကို ပိုင်းခြားထင်ထင်
သိမြင်နိုင်ခြင်းဆိုတဲ့ အသိဥာဏ်၊ တစ်နည်းအားဖြင့် ဥာဏ်ပညာကို အရာအားလုံးထက်
တန်ဖိုးထားတော်မူတယ်ဆိုတာ မေ့ကိုမမေ့သင့်ပါ။ အဲဒီလောက်တောင် တန်ဖိုးကြီးမားလှတဲ့
ဘ၀ရဲ့အလင်းရောင် အသိဥာဏ်ပညာကို ဘာမဟုတ်တဲ့ ငွေကြေးလက်တစ်ဆုပ်စာနဲ့ နှိုင်းယှဉ်ပြီး
လူကြီးတွေက ရင်ထုမနာဖြစ်နေသမျှ နောက်ကလိုက်လာနေတဲ့ လူငယ်တွေကို ပံ့ပိုးရာ
ရောက်မှာမဟုတ်သလို ကိုယ်တိုင်လည်း တိုးတက်တော့မှာ မဟုတ်ပါ။
တကယ်တော့ ပညာတတ်၊ ဘွဲ့ရပြီး ဆင်းရဲနေခြင်းဟာ မိမိကိုယ်တိုင်က အသုံးမကျလို့သာ ဖြစ်ပါတယ်။ မိမိကိုယ်၌က မကြိုးစားလို့ မတိုးတက်တာပါ။ ဘွဲ့ရရင် ဆိုက်ကားမနင်းရဘူးလို့ ဘယ်ဥပဒေကများ ပြဌာန်းထားပါသလဲ။ ဘွဲ့ရရင် လယ်မလုပ်ရဘူး၊ လက်သမားမလုပ်ရဘူးလို့ ဘယ်ကျမ်းစာကများ သတ်မှတ်ထားပါသလဲ။ တကယ်တော့ ကိုယ်တို့ပညာတတ်တွေ ဆင်းရဲရခြင်းဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ ဆရာအောင်သင်းပြောသလို အကျဉ်း၊ အကျယ်မှားတဲ့ ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ပညာတတ်တွေမှာ ကျယ်ရမယ့် မျက်စိကျတော့ ကျဉ်းနေပြီး မကျယ်ရမယ့် ဖင်ခေါင်းကျမှ ကျယ်နေကြတာ သိသာ၊ မြင်သာလွန်းလှပါရဲ့။ တစ်ခါတစ်ခါများ “ဟေ့…ဘွဲ့ရကွ…ဘယ်တော့မှ ကူလီထမ်းမစားဘူး”လို့ အခြောက်တိုက် ဘ၀င်မြင့်နေချိန်မှာ ပညာမတတ်တဲ့သူကတော့ ဘာမှမကြွေးကြော်ဘဲ ၀င်လုပ်ရင်း၊ကိုင်ရင်းကနေ ကြီးပွားချမ်းသာကုန်ကြပြီး ပညာတတ်တွေ အလကားပါကွာလို့ စော်ကားမော်ကားလုပ်တာခံရတော့တာပါ။ ခံလည်းခံသင့်ပါတယ်။ တကယ်လည်း အသုံးမကျပဲကိုး။ ဒါပေမယ့် ဒါဟာ ပညာကြောင့်မဟုတ်ပါ။ ပညာတတ် ပုဂ္ဂိုလ်ကိုယ်တိုင်ညံ့ဖျင်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘွဲ့လက်မှတ်ကြီးတွေ ချိတ်ထားတဲ့ လူကြီးမင်းတွေ၊ ဘွဲ့ရလည်း အလကားပါလို့ ထင်နေကြတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေကို တစ်ခုတော့ မေးချင်ပါတယ်။ အဲဒီချိတ်ထားတဲ့ဘွဲ့နဲ့ ထိုက်တန်တဲ့ ပညာမျိုးရော တတ်ပါရဲ့လားလို့။ တတ်အောင်များကြိုးစားခဲ့ပါရဲ့လားလို့။ အဲဒီမှာလည်း ဘာဖြစ်လို့၊ ညာဖြစ်လို့စတဲ့ ဆင်ခြေ၊ ဆင်လက်တွေ တသီတတန်းကြီးလာပါလိမ့်ဦးမယ်။ အဲဒီလို ဆင်ခြေပေးခြင်းကိုက ညံ့ဖျင်းခြင်း၊ တစ်နည်းအားဖြင့် ပညာရှင်မပီသခြင်းကို ဖော်ပြနေတာကြောင့် မွဲကိုမွဲသင့်တယ်လို့ ပြောရပါလိမ့်မယ်။ တကယ်တော့ ဘယ်ပညာမဆို ကျကျနနကြိုးစားရင်
ထမင်းတစ်လုပ်တင်မကဘဲ၊ ကုဋေကြွယ်အောင် ချမ်းသာနိုင်ပေမယ့်
ပညာတစ်ခုထဲနဲ့တော့ ချမ်းသာမယ်ထင်ရင် မှားပါလိမ့်မယ်။
ပညာသင်ခြင်းဆိုတာ နည်းလမ်းကို သင်ကြားခြင်းသာဖြစ်တာမို့ အဲဒီနည်းလမ်းကို အသုံးမပြုဘဲ ပညာတတ်၊ ဘွဲ့ရဖြစ်ရုံတစ်ခုထဲနဲ့ တစ်နည်းအားဖြင့် ပညာကို ပိုင်ဆိုင်ရုံတစ်ခုထဲနဲ့ ချမ်းသာချင်နေသပဆိုရင်တော့ ၀မ်းနည်းပါတယ်လို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီပညာနဲ့အတူ စိတ်ဓာတ်ခွန်အား၊ ယုံကြည်မှု၊ ကိုယ်တိုင် အားထုတ်ကြိုးပမ်းမှုတွေနဲ့ ကြိုးစားလိုက်ရင် မချမ်းသာဘဲကိုမနေပါ။ ပညာမတတ်တဲ့သူတောင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ပညာတတ်တစ်ယောက်က စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားရင် သူ့ထက်ပိုအောင်မြင်မှာ မြေကြီးလက်ခတ်မလွဲပါ။
ဒါ့အပြင် ကိုယ်တို့ရဲ့ပညာတတ်တွေက ပညာတတ်ရင် ၀န်ထမ်းလုပ်စားဖို့လောက်ပဲ ချောင်းနေကြတာများပါတယ်။ ၀န်ထမ်းဆိုတာ သူများလက်အောက်ခံပါ။ ပညာသင်ထားတာ လက်အောက်ခံဖြစ်ဖို့ သင်ပေးခြင်းမဟုတ်ပါ။ တစ်နည်းအားဖြင့် ကျွန်ဖြစ်အောင် သင်ထားတာမဟုတ်ပါ။ သခင်ဖြစ်ဖို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ စိတ်ဓာတ်အင်အားတွေရဖို့ သင်ပေးထားတာပါ။ ဒါကို သဘောပေါက်မထားသမျှတော့ ငွေကြေးချမ်းသာကြွယ်ဝခြင်းကို ရနိုင်မှာ မဟုတ်ပါ။ တိုင်းပြည်တာဝန်ကို ထမ်းရင်းချမ်းသာချင်လို့ကတော့ ခပ်ရှင်းရှင်းပြောရရင် ခိုးမှပဲ ရပါလိမ့်မယ်။ အဲဒီတော့ မျိုးဆက်သစ်လူငယ်တွေ စိတ်ဓာတ်ပျက်စီးအောင် ညည်းပြနေမယ့်အစား သတ္တိရှိရှိနဲ့ စိတ်ဓာတ်အပြည့်မွေးပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ပါလို့ပဲ အကြံပေးချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပညာတတ်တွေအနေနဲ့ အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်တဲ့ အသိဥာဏ်ဟာ အရာအားလုံးထက် သာလွန်မြင့်မြတ်တဲ့ ဘ၀နေနည်းကို ပေးစွမ်းနိုင်တယ်ဆိုတာကို
ရင်ထဲ၊ အသည်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားကြရင်ဖြင့် ပညာကို တန်ဖိုးထားချင်စိတ်တွေ ပြန်ကိန်းအောင်းလာမှာဖြစ်သလို၊ ပညာရှင်ဖြစ်ရခြင်းကိုလည်း ဂုဏ်ယူလာမှာ မလွဲပါ။ ဒါတင်မက မျိုးဆက်သစ်တို့အတွက် ပညာအမွေပေးရာမှာလည်း အဆင်ပြေချောမွေ့မှာဖြစ်ပြီး ပညာတတ်လူငယ်မျိုးဆက်သစ်တွေရဲ့ အင်အားနဲ့ တိုးတက်တဲ့ တိုင်းပြည်တစ်ခုကို ထူထောင်နိုင်မှာဖြစ်ကြောင်း အကြံပေးပါရစေ။ ။
Ref : hankyi

0 comments:
Post a Comment