Wednesday, April 1, 2015


Insomnia” ဆိုသည်မှာ လက်တင်ဘာသာစကားဖြင့် “အိပ်မပျော်နိုင်ခြင်း၊ အိပ်မရခြင်း ဟု အဓိပ္ပာယ်ရသည်။
_ အိပ်မပျော်ခြင်းသည် လူတိုင်းနီးပါး မကြာခဏကြုံရတတ်သည့် ပြသနာတစ်ခုပင်ဖြစ်သည်။
_ အိပ်မပျော်ခြင်းဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ စိတ်ဖိစီးမူနှင့် စိတ်ပူပန်စရာများကြောင့်ပင်ဖြစ်သည်။
_ မိမိချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရူံးရခြင်း၊ လုပ်ငန်းခွင်မှပြသနာများ နှင့် အိမ်တွင်းရေးပြသနာများကြောင့် ဖြစ်နိုင်သည်။
_ တစ်ခါတစ်ရံ လက်ထပ်ပွဲ၊ ပိတ်ရက်ရှည်အတွက်အစီအစဉ်များကို ကြိုတင်တွေးတောခြင်းများကြောင့်လည်း
   ဖြစ်နိုင်သည်။
_ အိပ်မပျော်ခြင်းမှာ အသက်ကြီးသူများနှင့် အမျိုးသမီးများတွင် အဖြစ်များသည်။
_ အမျိုးသမီးများတွင် ရာသီပေါ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များနှင့် ဆက်စပ်ပြီး ဖြစ်ပွားနိုင်ပါသည်။
_ ထို့ပြင် အိပ်မပျော်ခြင်းသည် ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဆေးတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။
_ အောက်ဖော်ပြပါ ရောဂါအခြေအနေများအတွက် ဆေးဝါးများသောက်သုံးနေရခြင်းကြောင့်လည်း အိပ်မပျော်ခြင်းများ
   ဖြစ်နိုင်ပါသည် ။
_ အအေးမိခြင်း နှင့် ဓာတ်မတည့်မူများ ( ဥပမာ - တိရစ္ဆာန်အမွှေး၊ ပန်းရနံ့ )
_ သွေးပေါင်ချိန်တက်ခြင်း
_ နှလုံးရောဂါ
_ သိုင်းရွိုက်ဂလင်းရောဂါ
_ သန္ဓေတားခြင်း
_ ပန်းနာရင်ကျပ်ရောဂါ
_ အနာသက်သာရန် ဆေးဝါးသုံးစွဲရခြင်း
_ စိတ်ဓာတ်ကျခြင်း ( ဥပမာ - SSRI အုပ်စု စိတ်ကျရောဂါ ဆန့်ကျင်ဆေးများ )

အိပ်မပျော်သည့်ရောဂါလက္ခဏာများ
_ အိပ်မောကျရန် ခက်ခဲခြင်း
_ ညအခါ မကြာခဏ နိုးနိုးနေခြင်း
_ နိုးပြီး ပြန်အိပ်ပျော်ရန် ခက်ခဲခြင်း
_ မနက် အစောကြီး နိုးနေတတ်ခြင်း
_ နိုးလာသော်လည်း လန်းလန်းဆန်းဆန်းမရှိခြင်း
_ နေ့ဘက်တွင် အိပ်ငိုက်နေခြင်း
_ အာရုံစူးစိုက်ရန် ခက်ခဲခြင်း
_ စိတ်ဂယောက် ဂယက်ဖြစ်ခြင်း တို့ဖြစ်ပါသည်။

ကုသမူများ
_ အိပ်စက်ခြင်းသည် လူသားအားလုံးအတွက် ရေနှင့် အစာအာဟာရများကဲ့သို့ပင် အရေးကြီးပါသည်။
_ အိပ်ရေးမ၀ခြင်းကြောင့် အားနည်းနုံးခွေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း
   တို့နှင့် စိတ်တိုစိတ်ဆတ် လွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
_ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းကို မကုသပါလျှင် ယင်းနှင့်ဆက်နွယ်ပြီး ဖျားနာမှု ၊ရောဂါဖြစ်ပွားမှုများနှင့်
   မတော်တဆမှုများ တိုး ပွားလာနိုင်ပါသည်။
_ သုတေတန ပြုလုပ်ချက်များအရ အိပ်မပျော်သူများမှာ ကျန်းမာရေးအခြေအနေ ပိုပြီးအားနည်းခြင်း၊ အလုပ်လုပ်နိုင်
   သောစွမ်းရည် ပိုပြီးကျဆင်းခြင်းနှင့် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေများပါသည်။
_ ကာလကြာရှည်စွာအိပ်မပျော်ခြင်းဖြစ်လာလျှင် ဆရာဝန်နှင့်ပြသပြီး လိုအပ်သည့်ကုသမှုခံယူပါ။
_ မိမိခံစားနေရသော ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ။
_ သင်၏အလေ့အထ၊ နေထိုင်မူကို အခြေခံ၍ ကုသမူအချို့မှာ......
_ အိပ်စက်ခြင်းကိုအားပေးသော အိပ်ရာနေရာကိုဖန်တီးစေခြင်း
_ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အကောင်းမြင်တွေးခေါ်မှုနှင့် ယုံကြည်မူများတိုးပွားလာအောင်ပြုလုပ်ပေးခြင်း
_ အိပ်စက်ရန်နှင့် တစ်ညတာလုံးအိပ်မောကျစေရန် အိပ်ရာထဲရှိသင့်သည့်အချိန်ကို ကန့်သတ်ပြီး ထိုအချိန်အတိုင်း
   အိပ်စက်စေခြင်း
_ စိတ်ပြေလျော့စေရန် နည်းလမ်းများ ဥပမာ - မနက်စောစောလေ့ကျင့်ခန်း လုပ်ခြင်း ၊ယောဂကျင့်ခြင်း ၊
   တရားထိုင်ခြင်း၊ မိမိ၏မျှော်လင့် ချက် ဖြစ်ချင်သည်များကို စိတ်ကူးစေခြင်းများက အိပ်ပျော်စေရန် ကူညီနိုင်ပါသည်။

သင်၏နေထိုင်မူပုံစံကို ပြောင်းလဲပြင်ဆင်မူသာမက ဆေးဝါးကုသမူလည်း ပူးတွဲပြုလုပ်သင့်သည့် အခြေနေများမှာ...
_ သင်၏အိပ်မပျော်သည့် အကြောင်းရင်း ကိုဝေဖန်သုံးသပ်ပြီး လိုအပ်သောအခါ
_ အိပ်မပျော်ခြင်းကြောင့် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာသောအခါ
_ သင့်လျော်သော အိပ်စက်ခြင်းကို အားပေးမည့်အလေ့အထများကို လုပ်ဆောင်ပြီးသော်လည်း အိပ်မပျော်သောအခါ
   သုံးစွဲသင့်ပါသည်။

သို့သော် အိပ်ဆေး၏ဘေးထွက် ဆိုးကျိုးများဖြစ်သော မနက်ခင်းတွင် အိပ်ငိုက်ခြင်း ၊ခေါင်းကိုက်ခြင်း၊မေ့လျော့တတ်ခြင်း၊
ညဘက်အိပ်နေ ရင်း ယောင်ပြီးလမ်းထလျှောက်တတ်ခြင်း၊ ဆေးဖြတ်ပြီးနောက် ကောင်းစွာအိပ်မပျော်ခြင်း စသည်တို့
ဖြစ်စေနိုင်သောကြောင့် အိပ်ဆေးကို တတ်နိုင်သလောက်အားမကိုးသင့်ပါ။ ကိုယ်ဝန်ရှိသူများနှင့် နို့တိုက်မိခင်များ
အိပ်ဆေးမသုံးသင့်ပါ။ ထိုကာလများတွင် အိပ်မပျော်ခြင်း ပြဿနာကိုမည်သို့ရင်ဆိုင်သင့်ကြောင်း ဆရာဝန်ကို မေးမြန်း
ဆွေးနွေးပါ။ ကောင်းစွာအိပ်စက်နိုင်ခြင်းအတွက် ကျန်းမာရေးအလေ့အထများကို လက်တွေ့လိုက်နာကျင့်ကြံခြင်းဖြင့်
သင်၏ဘ၀အရည်အသွေးကို မြှင့်တင်နိုင်ပါစေ။
" အိပ်ရေး၀၀ အိပ်ချင်လိုက်တာ.. အိပ်လို့လည်း မပျော်နိုင်ဘူး.. ဘယ်လို လုပ်ရမလဲ "
စိတ်မပူပါနဲ့.. အမေးရှိရင် အဖြေလည်း ရှိပါတယ်။ အိပ်ပျော်ဖို့အတွက်ဆောင် ရန်ရှောင်ရန်လေးတွေပါပဲ..

၁။ ဆူညံမှုများနဲ့ တောက်ပတဲ့ အလင်းများကို အနည်းဆုံးလျှော့ချပါ။ မိမိရဲ့အိပ်ချိန်လေးအတွင်းမှာ အလင်းစူးစူးများ
မဖွင့်ပါနဲ့။ ရသမျှအိပ်ချိန်လေးမှာ ညအိပ်မီးကိုသာ သုံးပါ။
၂။ မအိပ်မီနှစ်နာရီအတွင်း အစာအစားခြင်း ကိုရှောင်ပါ။ ဗိုက်ဆာပါက နို့တစ်ဖန်ခွက်နှင့် ဘီစကွတ် အနည်းငယ်ကို
စားနိုင်ပါတယ်။ နို့တစ်ဖန်ခွက်က သင့်ကိုအိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။ အိပ်ခါနီးအချိန်မှာ အသားဓာတ်
(ဥပမာ-အသား၊ ငါး) စားသုံးခြင်းကိုရှောင်ပါ။ ဒီအချက်လေးကြောင့် အစားကြီးတဲ့ သူတွေတော့ စိတ်ညစ်မှာပဲနော်။
ဒါပေမယ့် ဒီအချက်လေးကို အမြဲလိုက်နာရင် ကောင်းကောင်း အိပ်ပျော်နိုင်ပြီး အိပ်ရာဝင်ခါနီး အစားစားလို့ အစာ
မကြေတာတွေ ၀ိတ်တက်တာတွေ အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။
၃။ မနက်ခင်းနှင့် နေ့ဘက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း ကိုလုပ်ခြင်းဖြင့် စိတ်ဖီစီးမှုကိုလျှော့ချ နိုင်ပါတယ်။
သို့သော် မအိပ်မီ ၃နာရီအတွင်း အပြင်းအထန် ကိုယ်လက် လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
က သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါလိမ့်မယ်။ ဒီ့ပြင် ကျန်းမာပြီး သွယ်လျလာစေမှာ ဖြစ်လို့ မှန်မှန်
လုပ်သင့်တယ်နော်။
၎။ ညစဉ် ပုံမှန်အိပ်ချိန်မှာ အိပ်ရာဝင်ပါ။ မွန်းလွဲပိုင်းမှာ တရေးတမော အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ လိုအပ်ပါက
သင်နိုးလာပြီး ၈နာရီ ကြာမှသာလျှင် ၁၀-၁၅ မိနစ် ခဏတာသာအိပ်ပါ။
၅။ စိတ်တည်ငြိမ်မှု ရစေရန် မအိပ်မီ ၁နာရီအတွင်း အလုပ်လုပ်ခြင်း၊ စိတ်လှုပ်ရှားဖွယ် စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊
ဂိမ်းကစားခြင်း စသည်တို့ကိုရှောင်ကြဉ်ပါ။
၆။ သင်၏အိပ်ချိန်မှာ သင့်ကိုစိတ်ပူပန်စေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာများကို မတွေးပါနဲ့။ အိပ်ချိန်မှာ
မိမိရဲ့ခံစားချက် များကို ဆွေးနွေးခြင်းမပြုပါနဲ့။
၇။ သင့်အိပ်ရာဝန်းကျင်မှာ အိမ်မွေးတိရစ္ဆာန်များ မရှိပါစေနဲ့။ သင့်အတွက် ဓာတ်မတည့်မှု (သို့) ၄င်းတို့၏ လှုပ်ရှားမှု
များက သင့်ကို နိုးစေနိုင်သောကြောင့်ဖြစ်ပါတယ်။
၈။ နီကိုတင်းဓာတ်က သင့်၏ အိပ်စက်မှုကိုနှောင့်ယှက်နိုင်သောကြောင့် အိပ်ချိန်မှာဆေးလိပ်သောက် ခြင်းကိုရှောင်ပါ။
ကဖင်းဓာတ်က သင်၏အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေလို့ ကော်ဖီ၊ ကိုလာ၊ လက်ဘက်ရည် ၊ချောကလက် စသည်
တို့ကို မအိပ်မီ ၆ နာရီအတွင်း စားသုံးခြင်းကို ရှောင်ပါ။
၉။ အရက်သောက်သုံးခြင်းက သင့်ကိုမြန်မြန် အိပ်ပျော်စေရန် ကူညီပေးပါတယ်။ ဒါပေမယ့် သင်အိပ်နေစဉ် ခန္ဓာကိုယ်
မှ အရက်ကို ချေဖျက် စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရလို့ အရက်ဖြတ်စဉ် ခံစားရတဲ့ လက္ခဏာများဖြစ်တဲ့
လန့်နိုးခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ အရက်သောက်
ခြင်းကို ရှောင်ကြဉ်ပါ။
၁၀။ သင့်အိပ်ရာနေရာဟာ ကောင်းစွာတိတ်ဆိတ်မှောင်မိုက်ပြီး သက်တောင့်သက်သာရှိပါစေ။ အိပ်ရာဝင်တဲ့အခါ
ပက်လက်လေးအိပ်၊ ဗိုက်ပေါ်လက်တင်၊ စိတ်လျှော့ပြီး ၀င်လေထွက်လေကိုပဲ သေချာအာရုံစိုက်ပါ။ အိပ်မပျော်တဲ့ရက်များ
ရှည်ကြာလာရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်လို့ သင့်ကို ကောင်းစွာအိပ်ပျော်နိုင်စေရန် ကူညီပေးမည့်ဆေးဝါး
(သို့) သင့်တော်သော နည်းလမ်းများကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူဖို့လိုပါတယ်။
Credit : Original Writer
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!