အသက် (၁ရ) နှစ် အရွယ်တုန်းက
သူငယ်ချင်း အပေါင်းအသင်းနည်းပြီး အချစ်ရေးမှာလည်း ကံမကောင်းရှာတဲ့ စင်ကာပူသား
Xavier See ဟာ ကျောင်းကနေ ထွက်လိုက်တယ်။ “ကျနော့်ကို ကြည့်လိုက်ရင် ခန္ဓာကိုယ် အချိုးအစားက
မပြေပြစ်၊ ပေါင်းသင်းဆက်ဆံရေးက ညံ့၊ ဆံပင်ပုံစံက ခပ်တုံးတုံး၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိ
ဖြစ်နေတော့ ဘယ်မိန်းကလေးကမှ ကျနော့်ကို စိတ်ဝင်စားမယ် မထင်ဘူး” လို့ See က သူ့အကြောင်းကို ရှင်းပြပါတယ်။
ဒါပေမဲ့ အင်တာနက်ပေါ်ကနေ
စုံတွဲချိန်းတွေ့မှု စီစဉ်ပေးတဲ့ ၀န်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ လူမှုဆက်ဆံရေး ဆရာတစ်ဦးနဲ့
တွေ့ဆုံပြီး ပညာသင်ယူပြီးတဲ့နောက် See ဟာ ယုံကြည်မှု အပြည့်ရှိသူ လူသစ်တစ်ယောက်အဖြစ်
ပြောင်းလဲသွားခဲ့ပါတယ်။
အခုဆိုရင် အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့
See ဟာ စင်ကာပူမှာ စုံတွဲများချိန်းတွေ့ ပြောဆိုဆက်ဆံရေး နည်းပြဆရာတစ်ဦး ဖြစ်နေပြီး
အရှက်အကြောက်ကြီးတဲ့ စင်ကာပူ ယောက်ျားလေးတွေကို မိန်းကလေးနဲ့ ပတ်သက်တဲ့ လူမှုဆက်ဆံရေး
နည်းပညာတွေကို ၃ ရက်အထူးသင်တန်းခ စင်ကာပူဒေါ်လာ
၁၈၀၀ နဲ့ သင်ကြားပေးနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ သင်တန်းသား အယောက် ၅၀ ကနေ မနှစ်က ၂၀၁၀
ခုနှစ်မှာ သင်တန်းသား ၁၄၀ အထိ များလာခဲ့ပါတယ်။
“ရှေးရိုးစွဲအမြင် ထိန်းချုပ်မှုတွေရှိတဲ့
အာရှလူနေမှု အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတဲ့ ကျနော်တို့ဟာ အခြားနိုင်ငံက ယောက်ျားလေးတွေလောက်
လူမှုဆက်ဆံရေးမှာ အရဲမစွန့်ချင်ကြဘူး” လို့ နည်းပြဆရာ နောက်တစ်ဦး Skilldo က ရှင်းပြပါတယ်။
ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံမှာ အသက် (၃၀-၃၄) နှစ်အရွယ် (အိမ်ထောင်ကျဖို့ အရွယ်ကောင်း)
လူပျို ယောက်ျားလေး ဦးရေဟာ ၄၃ ရာခိုင်နှုန်းရှိပြီး အသက်ရွယ်တူအုပ်စု မိန်းကလေး ဦးရေက
၃၁ ရာခိုင်နှုန်းပဲ ရှိပြီး ကျားမအချိုးအစား မညီမျှတာရယ်၊ နောက်တစ်ခုက စင်ကာပူမှာ အလုပ်လုပ်နေတဲ့
နိုင်ငံခြားသားတွေရဲ့ ပြိုင်ဆိုင်မှုတွေရယ် အဲဒီအကြောင်းရင်း ၂ ချက်ကြောင့် Xavier
See ရဲ့ သင်တန်းသားတွေ ပိုမိုများလာဖို့ ရှိပါတယ်။
“တချို့ယောက်ျားလေးတွေက
အလုပ်လုပ်မယ်၊ ကွန်ပြူတာဂိမ်း ဆော့မယ် ဒါပဲ၊ ပေါင်းသင်းဆက်ဆံရေး မှာတော့ တော်တော် အားနည်းတယ်…
သဘောကောင်း စိတ်ကောင်းရှိတယ် … ဒါပေမဲ့ အရှက်အကြောက်ကြီးပြီး
ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ ယောက်ျားလေးတွေ ဒီလိုသင်တန်းမျိုး တက်သင့်တယ်” လို့ ၂၁ နှစ်အရွယ် သင်တန်းသား Mike က ပြောပြပါတယ်။
အထက်က သတင်းတိုလေးကို
ဖတ်မိတော့ အတွေးနယ်ချဲ့မိပါတယ်။ ကျောင်းသားဘ၀တုန်းက သူငယ်ချင်းမိတ်ဆွေတွေ အများကြီးထဲမှာ
တချို့ ယောက်ျားလေးတွေဟာ (မိမိအပါအ၀င်) သူတို့ ကြိုက်နှစ်သက်တဲ့ မိန်းကလေးကိုတွေ့ရင်
ရှက်ကြောက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်တယ်၊ နောက်ပြီး လက်ဖက်ရည်ဆိုင်လို နေရာမှာ ချိန်းတွေ့တဲ့အခါမှာလည်း
လူချင်းဆုံမိရင် ဘာပြောရမှန်းမသိ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ ဖြစ်တာတွေကို မြင်ဖူးကြုံဖူးပါတယ်။
တစ်ခါဆုံပြီးတာနဲ့ အဆင်မပြေဘဲ မိန်းကလေးဘက်က ငြင်းပယ်လိုက်တာ၊ ယောက်ျားလေးက ရှက်ကြောက်လို့
တပ်ခေါက်သွားတာ အဲလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေ ယောက်ျားလေးဆီက ဘာကို မျှော်လင့်သလဲ၊
ဘယ်လို ယောက်ျားမျိုးကို နှစ်သက်ကြသလဲ၊ မိန်းကလေးနဲ့ ဆုံတွေ့တဲ့အခါ ဘယ်လိုပြောဆို နေထိုင်ရမယ်ဆိုတာတွေကို
စင်ကာပူဒေါ်လာ ၁၈၀၀ မကုန်ကျစေရဘဲ စုံတွဲချိန်းတွေ့မှု လူမှုဆက်ဆံရေး ကျွမ်းကျင်သူ နဲ့
247 Attractive Men ၀န်ဆောင်မှုလုပ်ငန်းကို တည်ထောင်သူ Troy Dizon ရဲ့နည်းလမ်း - ဆွဲဆောင်မှုရှိတဲ့
ယောက်ျားလေးတစ်ယောက် ဖြစ်ဖို့ အခြေခံလိုအပ်တဲ့ ၅ ချက် ကို ဝေမျှလိုက်ပါတယ်။
၁။ ဦးဆောင်မှု (ယောက်ျားတွေ မှတ်ထား၊ သေတဲ့အထိ
ဦးဆောင်ရမယ်)
အလွန်ထက်တဲ့ အောင်မြင်တဲ့
မိန်းကလေးတွေတောင် ဦးဆောင်တဲ့ ယောက်ျားတွေကို လိုလားတယ်။ အကယ်၍ ယောက်ျားလေး ကိုယ်တိုင်က
နောက်လိုက်ပုံစံဖြစ်မယ်၊ စိတ်ထဲကပြောချင်တာကို ပြောမထွက်ဘဲနေမယ် အဲဒီလို ယောက်ျားလေးတွေ
အတွက် ပြောရတာလွယ်သလောက် လက်တွေ့လုပ်ရတာ ခက်ခဲပါတယ်။ ဘယ်လိုပြင်ရမလဲ?
မိန်းကလေးနဲ့ ချိန်းတွေ့တဲ့အခါ
သူတို့ရဲ့ အကြိုက်၊ ၀ါသနာတွေကို မေးမယ့်အစား ယောက်ျားလေးကိုယ်တိုင်ရဲ့ အကြိုက် ၀ါသနာတွေကို
အရင်ပြောပြရင်း စကားဝိုင်းမှာ ဦးဆောင်တဲ့နေရာ ယူပါ။ အဲဒီကနေ နှစ်ယောက်အတူ ဘာတွေလုပ်နိုင်မယ်၊
စနေ တနင်္ဂနွေလိုရက်မျိုးမှာ ဘယ်နေရာ သွားလည်မယ် ဘယ်ဆိုင်မှာ သွားစားမယ် စသဖြင့် အကြံတွေပေးပြီး
ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်ရမယ်။
၂။ မတုန်လှုပ်ပါနဲ့
မိန်းကလေးက မသေမချာ
မပြတ်မသားတဲ့ ယောက်ျားလေးကို မနှစ်သက်ပါဘူး။ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ကိုယ်တိုင်သိရမယ်၊
မသေမချာ ဖြစ်နေရင် ယုံကြည်ချက်မရှိသူလို့ ဖော်ပြနေသလို ဖြစ်နေမယ်။ နောက်ပြီး မိန်းကလေးဆီက
ထင်မြင်ချက် အကြံပေးချက်ကို မေးပါ တောင်းဆိုပါ။
မိန်းကလေးက သဘာဝအလျှောက်
မသိစိတ်ကနေ ယောက်ျားလေးကို အမျိုးမျိုး စမ်းသပ်ချင်ကြတယ်။ မထင်မှတ်တဲ့ အဖြေတွေ ဝေဖန်ချက်တွေ
အပြစ်တင်မှုတွေ ကို ပြောပြပြီး ယောက်ျားလေးဘက်က ဘယ်လို တုန့်ပြန်မယ်ဆိုတာ သိချင်တယ်။
အဲဒီလိုဖြစ်တဲ့အခါ ယောက်ျားလေးက စိတ်ညစ်သွားမယ် ဒါဟာ မတရားဘူးလို့ ထင်လိမ့်မယ်။ မိန်းကလေးကတော့ ပြောပြီးရင် မေ့သွားပြီ
သူတို့လည်း မှတ်မိမှာ မဟုတ်ဘူး။
အမှန်စင်စစ် မိန်းကလေးက
ယောက်ျားလေး ရှုံးနှိမ့်မှာ ချောင်ပိတ်မိနေမှာကို မလိုလားပါဘူး၊ ယောက်ျားလေးက အခက်အခဲကြားကနေ ဘယ်လို ကျော်လွှားသွားမယ်၊ ရည်ရွယ်ချက်မဲ့
မေးခွန်းတွေ အပြစ်တင်တာတွေကို မတုန်မလှုပ် ဘယ်လို ဖြေရှင်းသွားမယ်ဆိုတာကို မိန်းကလေးတွေက
(တိတ်တိတ်လေး) မျှော်လင့်နေကြတယ်။ မိန်းကလေးတွေက သူတို့ရဲ့ စမ်းသပ်မှုမျိုးစုံတွေကို
ခေါင်းအေးအေးနဲ့ ဖြေရှင်းသွားနိုင်မဲ့ ယောက်ျားမျိုးကို နှစ်သက်ကြတယ်။ ဒါကြောင့် မှတ်ထားပါ…
မိန်းကလေးတွေက စမ်းသပ်လိမ့်မယ်… မတုန်လှုပ်ပါနဲ့။
၃။ ရယ်မောစရာ
ရယ်မောရတာ မကြိုက်တဲ့လူ
ရှိသလား? ဟာသဥာဏ်လေးက မိန်းကလေးရဲ့ နှလုံးသားဆီကို အမြန်ရောက်စေတဲ့ လမ်းတစ်ခုပါပဲ။
ရယ်မောစရာ လက်ဆောင်လေးက ဘာနဲ့မှ နှိုင်းမရပါဘူး။ ကြိုးစားပြီး ရယ်အောင်လုပ်တဲ့လူ နဲ့
ရယ်စရာကောင်းတဲ့လူ မတူကြပါဘူး။ အလိုအလျှောက် မဟုတ်ဘဲ အလွတ်ကျက်ထားတဲ့ ဟာသတွေ စာသားတွေကို
ရွတ်ပြ ပြောပြတာ၊ ရယ်ရအောင် တမင်ဖန်တီးပြီး ခက်ခက်ခဲခဲ ကြိုးစားပြတာကို မိန်းကလေးတွေ
မနှစ်သက်ပါဘူး။ မျက်နှာအမူအရာ ကလည်း ပျော်ရွှင်ရယ်မောစရာ ဖြစ်စေပါတယ်။ စကားပြောရင်း
ပြုံးနေတတ်တဲ့ ယောက်ျားလေး အတွက် လွယ်ကူပါတယ်။
၎။ ကြွားစရာမလို ဖုံးကွယ်စရာလည်း မလိုပါ
ချိန်းတွေ့တဲ့အခါ ကိုယ့်အကြောင်းကို
အလွန်ဂုဏ်ယူပြီး ကြွားဝါတဲ့ပုံစံနဲ့ မပြောဘဲ ရိုးရိုးသားသား နှိမ်ချစွာ ပြောပြပါ။ ယောက်ျားတွေက
ဘွဲ့တွေ ရာထူးတွေ အိမ်တွေ ကားတွေ ငွေတွေ ဘယ်လောက်ရှိတယ် ဘယ်လောက်ချမ်းသာတယ် ဆိုတာကို
အလွန် ဖော်ပြချင်ကြတယ်။ ယနေ့လို ခေတ်အခါမှာ မိန်းကလေးတွေကလည်း ယောက်ျားတွေနဲ့ တန်းတူ
အလုပ်အကိုင် နဲ့ ငွေကြေးဆိုင်ရာမှာလည်း ကိုယ်တိုင်ရပ်တည်နိုင်သူတွေ ဖြစ်နေတော့ ဂုဏ်တွေငွေတွေထက်
ယောက်ျားတစ်ယောက်ရဲ့ အခြားအရည်အချင်းကို ရှာဖွေလာကြတယ်။ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားဟာ
သူ့ရဲ့အားနည်းချက်တွေ ရှိနေလည်း မိန်းကလေးကို ပြောဆိုထုတ်ဖော်ရဲပြီး မိန်းကလေးရဲ့ ငြင်းပယ်မှုကိုလည်း
မကြောက်တတ်သူ ဖြစ်ပါတယ်။ မိန်းကလေးကို မိမိရဲ့ စိုးရိမ်မှု၊ အားနည်းမှု၊ ၀မ်းနည်းမှုတွေကို
ပြောဆိုရှင်းပြနိုင်ပါတယ်၊ ဒါမှလည်း မိန်းကလေးက ယောက်ျားလေးကို နှစ်သိမ့်နိုင်မယ် ခွန်အားတွေပေးနိုင်မယ်။
၅။ တစ်သမတ်တည်း မပြောင်းလဲပါနဲ့
ချိန်းတွေ့တဲ့အခါ တစ်ကြိမ်တည်း
ကောင်းအောင် ကြိုးစားပြတာ မဟုတ်ဘဲ တောက်လျှောက် တစ်သမတ်တည်း ဖြစ်နေရမယ်။ မိမိကိုယ်တိုင်ထက်
ပိုမိုကြီးမား ပိုအဓိပ္ပာယ်ရှိတဲ့ ခံယူချက်ရှိပြီး ကိုယ့်ကိုကိုယ် တစ်နေ့တစ်ခြား တိုးတက်အောင်
ကြိုးစားနေထိုင်သွားတဲ့ ယောက်ျားလေးကို မိန်းကလေးက သိပ်စိတ်ဝင်စားပါတယ်။ မိန်းကလေးတွေဟာ
ပန်းတိုင်ကိုရောက်ပြီးတဲ့ ယောက်ျားထက် ပန်းတိုင်ဆီကို သွားနေတဲ့ ယောက်ျားကို ပိုပြီးနှစ်သက်ပါတယ်။
အမြဲအောင်မြင်နေသူ ဖြစ်စရာ မလိုပါဘူး၊ ရည်မှန်းချက်အိပ်မက်တွေ ရှိမယ် အဲဒီအိပ်မက်ဆီကို
တလှမ်းချင်း လျှောက်လှမ်းနေတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ နှစ်သက်ပါတယ်။
ဒါကြောင့် အိမ်ထောင်မရှိသေးတဲ့
လူပျို ယောက်ျားလေးများ အားလုံး … မိန်းကလေးတစ်ယောက်ရဲ့ လက်တွဲဖော်ချစ်သူ ဖြစ်ဖို့
အဆင်သင့်ဖြစ်နေပြီလား? အပျို မိန်းကလေးများ အားလုံး ... အကယ်၍ ယောက်ျားလေးတွေက သူတို့ရဲ့
ခံစားမှုတွေကို ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ချင်တယ်၊ မိန်းကလေးတွေရဲ့ လိုအပ်ချက်တွေကို
နားလည်သဘောပေါက်မယ် ဆိုရင်… အခွင့်အရေးတစ်ခု၊
အချိန်လေးတစ်ခု၊ နေရာလေးတစ်ခု ယောက်ျားလေးတွေကို ပေးလိုက်ပါလားလို့ …။
(မှတ်ချက်။ ။ Asian
Journal မှ Elgin Zulueta ရဲ့ Restoration Miracle ဆောင်းပါးနှင့် Channel News
Asia မှ Simin Wang ရဲ့ Shy Singapore men
hire coaches to find partners တို့ကို ကိုးကားကောက်နုတ် ပြန်ဆိုထားပါသည်။)



0 comments:
Post a Comment