Web 2.0 ခေါ် Social Network ဆိုတာဟာ လူတိုင်းနီးပါး၊ လူငယ်တိုင်းလိုလို ကြားနေရတဲ့ ခေတ်ပေါ် အခေါ်အဝေါ် တစ်ခုပါ။ အင်တာနက်ပေါ်မှာ လူအများနှင့် ချိတ်လို့ရတဲ့ နေရာပေါ့။ မိုဘိုင်းလ်ဖုန်းနှင့်လည်း သုံးလို့ရတယ်။ နည်းပညာ တစ်ခေတ်စမ်းထမှုပေါ့။ ၀ါသနာတူရာ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက်ကို မိတ်ဆွေဖွဲ့ပြီး ဆုံဆည်းရာ ရပ်ဝန်းနယ်ပယ် တစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။
Freedom is not free လို့ပြောကြတာ ရှိသလို free ရတိုင်းလည်း တကယ်တော့ free မဖြစ်ဘူး။ တကယ့်လောကမှာ free ဆိုတာ မရှိပါဘူး။ အပေးအယူတွေချည်းပါဘဲ။
Social Network Site တွေမှာ အဖွဲ့ဝင်လုပ်လိုက်တာနှင့် ကိုယ့်ရဲ့ အချက်အလက်တွေဟာ အဲဒီဝက်ဆိုက် ပိုင်ရှင်ဆီကို ရောက်သွားပြီ။ သူကြိုက်သလို စီမံနိုင်ခွင့်ကို သဘောတူလို့ free သုံးလို့ရတာပေါ့။ အခုနောက်ပိုင်း account အသစ်တွေတောင်မှ သက်သက် လုပ်စရာ မလိုတော့ဘဲ ကိုယ့်ရဲ့ email ID နှင့် password ကိုပဲ သုံးပြီး ၀င်လို့ရတဲ့ social site တွေ အများကြီးရှိလာပါပြီ။
Campaign လုပ်တာဖြစ်ဖြစ် အများသိအောင် ဖြန့်ရမယ့် သတင်းတွေကို ဖြန့်ချင်တဲ့အခါမှာ ကိုယ့် email ထဲကိုဝင်ပြီး ကိုယ်တိုင် စာပို့စရာ မလိုတော့ဘူး။ Social Site တွေကနေ form လေး လုပ်ပေးထားတာလေးကို ဖြည့်ပြီးတော့ အဲဒီမှာ ကိုယ့်နာမည်၊ email ID နှင့် email password ကို ထည့်လိုက်တာနှင့် ကိုယ့်ရဲ့ email ထဲက contact မှာ ရှိရှိသမျှ သူတွေဆီကို ကိုယ့် email ကိုယ့်နာမည်နှင့် စာပို့ပေးပါတယ်။
Website ၊ blog ၊ social site တွေ အများကြီးကို ဘာဖြစ်လို့ free ဖြစ်နေတာလည်းဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
Social site ဖြစ်ဖြစ် free ရတာတွေရော ၀ယ်ရတာတွေရော သုံးတဲ့အခါတိုင်း agreement (သဘောတူချက်) ကို သဘောတူကြောင်း နှိပ်ပြီးမှသာ သုံးခွင့်ရတာပါ။ ဒါပေမယ့် တော်တော်များများကတော့ အဲဒီထဲမှာ ဘာတွေပါတယ်ဆိုတာ မဖတ်ကြဘူး။ ဖတ်လည်း နားမလည်ဘူးပေါ့။
အဲဒီ free ၀န်ဆောင်မှု ပေးတဲ့သူတွေမှာလည်း ကြီးကြီးမားမား ကုန်ကျစရိတ်တွေ ရှိပါတယ်။ အဲဒါတွေအတွက် ၀င်ငွေပြန်ရအောင် လုပ်ရပါတယ်။ အဲဒါကို user တွေက သဘောတူလို့ free သုံးခွင့်ရတာပါ။
Social Network Site တွေဟာ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအတွက် သူတို့ ရောင်းကုန်ကို ကြော်ငြာဖို့ ပစ်မှတ်ဖြစ်လာသလို ကြော်ငြာ လုပ်ငန်းရှင်တွေ အတွက်လည်း ပစ်မှတ် ဖြစ်လာတယ်။ ကြားခံ ကြော်ငြာနှင့် ၀င်ငွေရှာတဲ့ သူတွေအတွက်လည်း အဓိက ၀င်ငွေရတဲ့ နေရာဟာ Social Network Site တွေလို free ၀န်ဆောင်မှုပေးတဲ့ site တွေပါဘဲ။
အဲဒီဝက်ဆိုက်တွေကို ၀င်လိုက်တာနှင့် ကိုယ့် email အပါအ၀င် username နှင့် password တွေကိုပါ ပေးလိုက်ရတာပါ။ ကိုယ်သုံးနေတဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဆိုက်တွေက သူတို့ကြော်ငြာစရာရှိရင် ကိုယ့် email နှင့် ကိုယ့် contact အားလုံးဆီကို ပို့လိုက်လို့ရတယ်။ ကိုယ့်အချက်အလက်တွေ သူများကို ပြန်ရောင်းလို့လည်း ရသေးတယ်။
အင်တာနက်ပေါ်မှာ အားတိုင်း ကလိချင်တဲ့ သူတွေ သတိထားစရာပါ။ ကိုယ့်ရဲ့ privacy နှင့် လုံခြုံမှုကို တန်ဖိုးထားချင်ရင်တော့ သတိထား သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးတော့မယ်ဆိုရင်လည်း email ID သီးသန့်တွေနှင့် အသုံးပြုသင့်ပါတယ်။ username နှင့် password တွေလည်း တစ်ခြားဟာတွေနှင့် မတူအောင် သုံးသင့်ပါတယ်။ ကိုယ်ရေး အချက်အလက်တွေကိုလည်း ကိုယ်မှတ်မိနေမယ့် အမှားတွေသာ ပေးသင့်တယ်။

0 comments:
Post a Comment