ဂျာနယ်လစ်ဇင်နဲ့ပတ်သက်ပြီးတော်တော်များများပြောခဲ့ပေမယ့် သတင်းတစ်ခုသိရပြီးရင် အဲဒီသတင်းကို ရေးသားဖို့ သတင်းတည်ဆောက်ပုံနဲ့ သတင်းဆောင်းပါးအကြောင်းကိုလည်း ပြောပြပါဦးမယ်။
သတင်းတည်ဆောက်ပုံ (Story Structure)
သတင်းတစ်ခုသိရတဲ့ အဲဒီအကြောင်းအရာကို သတင်းတစ်ပုဒ်အဖြစ် ပြန်ရေးဖို့အတွက် သတင်းတည်ဆောက်ပုံရှိပါတယ်။
ဟိုးအရင်က အဆောက်အဦးတွေဟာ ပိရမစ်ပုံတည်ဆောက်ခြင်းအားဖြင့် foundation ခိုင်မာတယ်ဆိုပြီး ဆောက်လုပ်ခဲ့ကြတယ်။ ဒါပေမယ့် သတင်းမှာတော့ ပိရမစ်ဇောက်ထိုးပုံတည်ဆောက်ရပါတယ်။
သတင်းတည်ဆောက်ပုံမှာ ဘယ်သူ၊ ဘာလဲ၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့် ဆိုတဲ့ ဘ(၆)လုံးက အရေးကြီးပါတယ်။
ဟိုးအပေါ်ဆုံးမှာ အရေးပါဆုံးအချက်အလက်တွေကို ရေးရပါတယ်။ အောက်ဆုံးအဆင့်မှာတော့ အရေးပါမှု အနည်းဆုံးအကြောင်းအရာကို ရေးရပါမယ်။ ဒါမှသာ သတင်းက အလွန်ရှည်လျားနေရင် အောက်ဆုံးအဆင့်ကို ဖြုတ်ချလည်း သတင်းကမူရင်းအကြောင်းအရာ မပြောင်းမလဲ ရှိနေနိုင်မှာဖြစ်ပါတယ်။
သတင်းတစ်ပုဒ်မှာ သတင်းအဖွင့်(သတင်းခြေဆင်းလို့လည်းခေါ်ပါတယ်။)က အဓိကကျပါတယ်။ ဘ-ခြောက်လုံးရေးရမယ့်နေရာဟာ သတင်းအဖွင့်ဖြစ်ပါတယ်။ သတင်းအဖွင့်ဆိုတာ သတင်းကောင်းတစ်ပုဒ်ရဲ့အစဟာ ၀တ္ထု၊ ပြဇာတ် စတာတွေနဲ့တော့ ကွဲပြားနေမှာပါ။ တစ်ခုတည်းသောအတွေးအခေါ်(အကြောင်းအရာ)ပေါ်မှာ အခြေခံပါတယ်။ ဘာက အရေးကြီးတာလဲဆိုတာကိုဆုံးဖြတ်ပြီး အဲဒီအရေးကြီးတာကို ဦးတည်ပြီး ကျစ်ကျစ်လစ်လစ် ရေးရတာမျိုးပါ။ တစ်ခုခုဆိုတာကို တိတိကျကျဦးတည်ရေးထားတာကြောင့် စာဖတ်သူအနေနဲ့ ပြည့်ပြည့်စုံစုံဖတ်ရတယ်လို့ ခံစားရစေပါတယ်။
ဒါကြောင့် သတင်းတစ်ပုဒ်မှာ သတင်းအဖွင့်က အရေးပါတာကြောင့် သတင်းခြေဆင်းကို ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ သတင်းအဖွင့်ရွေးချယ်ဖို့ဆိုရင် သတင်းရဲ့ဦးတည်ချက်ကို ရှင်းလင်းပြတ်သားအောင် လုပ်ရပါမယ်။ သတင်းရဲ့အဓိကဆိုလိုရင်းကဘာလဲ၊ အဲဒီနောက်မှာ ဘယ်ကစမလဲဆိုတာ ဆုံးဖြတ်ပါ။ သတင်းရဲ့ဆိုလိုရင်းနဲ့ သတင်းအဖွင့်က တစ်ထပ်တည်းကျနေလေ့ရှိပါတယ်။ သတင်းအဖွင့်ကိုရေးတဲ့အခါမှာ သတင်းက ဘာဆိုတာ စာဖတ်သူ ရှင်းရှင်းလင်းလင်းသိဖို့နဲ့ စာဖတ်သူ ဆက်ဖတ်ချင်အောင် လုပ်ဖို့ လိုပါတယ်။ သတင်းအဖွင့်က ဘာကြောင့်ဆက်ဖက်သင့်တယ်ဆိုတာ စာဖတ်သူကို ပြောပြနိုင်ရပါမယ်။ သတင်းအဖွင့်ဖတ်ပြီးချိန်မှာပဲ စာဖတ်သူဟာ ဒီသတင်းကို ဆက်ပြီးဖတ်သင့်မဖတ်သင့် စဉ်းစားပါလိမ့်မယ်။ စဉ်းစားချိန်ဟာ သုံးစက္ကန့်ပဲကြာနိုင်ပါတယ်။ ဒါကြောင့် သတင်းအဖွင့်ဆိုတာ သတင်းတစ်ပုဒ်အတွက် အလွန်ကို အရေးကြီးပါတယ်။
သတင်းအဖွင့်အတွက် အဓိက လိုအပ်တာက ဘယ်သူ၊ ဘာလဲ၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့်ဆိုတဲ့ ဘ-ခြောက်လုံးပါ။ ဒါပေမယ့် မလိုအပ်ပဲ ဘ-ခြောက်လုံးကို စုပြုံသုံးစွဲတာမျိုးလည်း မဖြစ်သင့်ပါဘူး။ စာပိုဒ်တစ်ပိုဒ်လုံးကို စာတစ်ကြောင်းတည်းဖြင့်သာ ဖော်ပြသင့်ပါတယ်။ အလွန်ရှည်လျားထွေပြားစွာရေးသားခြင်းမျိုးမပြုသင့်ပါဘူး။
သတင်းစုစည်းတည်ဆောက်ခြင်း
သတင်းစုစည်းတက်ဆောက်ဖို့ အဆင့်(၈)ဆင့်ရှိပါတယ်။
(၁) ဦးတည်ချက်၊ အဓိကပြောချင်သောအကြောင်းအရာကို မှတ်စုမှ ကောက်နှုတ်လိုက်ပါ။
(၂) အဓိကပြောချင်/ရေးချင်သော အကြောင်းအရာရဲ့ အနှစ်ချုပ်ကိုရေးပါ။
(၃) ဒုတိယရေးသားမည့်အကြောင်းအရာကို အရေးပါမှုအလိုက် စီစဉ်ချပါ။
(၄) အစီအစဉ်အလိုက်ရေးသားထားတဲ့အကြောင်းအရာတွေဟာ အချိတ်အဆက် မိ/မမိသေချာအောင်လုပ်ပါ။
(၅) ချရေးထားတဲ့ စာပိုဒ်တွေဟာ သတင်းအဖွင့်ကိုရှင်းပြထားတာ/ခိုင်မာအောင် အထောက်အကူပေးပါ။
(၆) ရေးသားထားတဲ့သတင်းဟာ တိကျရှင်းလင်းပြီး ဆိုလိုရင်းကို ပြတ်သားစေပါ။
(၇) ရေးသားထားတဲ့သတင်းမှာ သုံးစွဲထားတဲ့ သဒ္ဒါ၊ ရေးဟန်၊ စကားလုံးအသုံးအနှုန်း မှန်မမှန်စစ်ဆေးပါ။
(၈) အဆင့် ၅-ကနေ ၇-အထိ ပြန်စစ်ကြည့်ပြီး လိုအပ်ချက်ရှိနေရင် ပြန်ရေးပါ။
ဆောင်းပါးရေးမယ်ဆိုရင်
သတင်းတစ်ပုဒ်ရေးသလိုပဲ ဆောင်းပါးတစ်ပုဒ်ရေးမယ်ဆိုရင်လည်း သိထားသင့်တာတွေရှိပါတယ်။ ဆောင်းပါးရေးရင် လူများများကို မေးရပါမယ်။ အဲဒီထဲကမှ ကိုယ်စားပြုသူတစ်ယောက်ကို ရွေးထုတ်ပြီး မေးမြန်းရပါမယ်။ ဆောင်းပါးက colour full ဖြစ်နေစေဖို့ အဲဒီနေရာဒေသကို ရောက်အောင်သွားသင့်ပါတယ်။ Story theme တွေ Main Focus တွေကို သိအောင်လုပ်ရပါမယ်။ အဲဒါတွေကနေ Focus Point ကို ထုတ်နှုတ်ရပါမယ်။ ဆောင်းပါးတစ်ပုဒ်လုံး စ-လယ်-ဆုံးကောင်းအောင်(စလင်ဒါ ပုံစံ)ရေးရပါမယ်။ အလယ်မှာတော့ Main Focus တွေကို Quote လုပ်နိုင်ရပါမယ်။ နောက်ဆုံးအနေနဲ့ Solution ရှိရပါမယ်။
“သတင်းနဲ့ ဆောင်းပါးရဲ့ ကွာခြားချက်က သတင်းဆိုရင် လက်ရှိဖြစ်ပျက်တာတွေကို အဓိကဦးစားပေးရေးသားရပါတယ်။ အဲလိုသတင်းတွေကို စုစည်းပြီး ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးနိုင်ပါတယ်။ ဒါပေမယ့် ဆောင်းပါးမှာတော့ Solution ကတော့ မဖြစ်မနေပါရမယ့် အချက်ဖြစ်ပါတယ်။”
အခုလောက်ဆိုရင် မီဒီယာ၊ ဂျာနယ်လစ်၊ ရီပိုတာတစ်ယောက်ဖြစ်ဖို့ လိုအပ်တာတွေရယ်၊ သတင်း၊ ဆောင်းပါးရေးဖို့လိုအပ်တာလေးတွေရယ်ကို အတန်အသင့် နားလည်ပြီး ကျွန်မတို့တွေအနေနဲ့ CJ ဖြစ်လာဖို့ တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မီဒီယာဂျာနယ်လစ်နဲ့ပတ်သက်ပြီး စာအုပ်တွေရှိပေမယ့် စာအုပ်တွေကို အစအဆုံးမဖတ်ဖြစ်တဲ့အခါမျိုးမှာ ဒီလို အကျဉ်းချုပ်ဖတ်ပြီး နားလည်သဘောပေါက်စေဖို့ ပြန်လည်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
ရည်လေးဆွေ : စိတ်ပြတင်းပေါက်

0 comments:
Post a Comment