Sunday, February 22, 2015

၁.ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင် ဘယ်မှာ နေပါသနည်း? 

တောင်များကိုမဘော် မြေကြီးနှင့်  လောကဓာတ်ကို ဖန်ဆင်းတော်မမူမှီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောင်ကမ္ဘာ အဆက်ဆက် တိုင်အောင် ဘုရား သခင် ဖြစ်တော်မူ၏။ (ဆာလံ ၉၀း၂) ဘုရားသခင်သည် အဆုံးအစမရှိ ထာဝရတည်တော်မူ၏။

၂.ထာဝရဘုရားကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရဘုရားသခင်အဖြစ်သို့ ရောက်ရှိလာ သည့်ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။

ဘုရားကို မည်သူမျှ မဖန်ဆင်းပါ၊ ဘုရားကသာအရာအားလုံး ကိုဖန်ဆင်းခြင်း ဖြစ်ပါသည်။ အနန္တ ဥာဏ်တော် အနန္တ တန်ခိုးတော်နှင့် ကြွယ်ဝပြည့်စုံတော်မူပြီး လူ့ဥာဏ်နှင့်ပင်မမှီနိုင်သောအရှင်အား ဘုရားဟု သတ်မှတ်ပါသည်။ ထိုဘုရား၏ အတ္ထုပ္ပတ္တိကို သိနိုင်ပါမည်လား၊ သိပါက ဘုရားဟု သတ်မှတ်ထိုက်ပါမည်လား။ ဤမေးခွန်းက မိမိ၏ဘုရားအပေါ် သတ်မှတ်သည့်စံနှုန်းအပေါ်တွင်သာတည်ပါသည်။

၃. သာမန်ထူးချွန်သော လူပုဂ္ဂိုလ် သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်း လာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိသည် ရှိ၏ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားဂုဏ်နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိသည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရား တခုတခုတိုင်းတွင် အကြောင်း တရား သည်ရှိ ၏။ အကြောင်းတရား မရှိပဲ အကျိုးတရား ပေါ်ရိုးထုံးစံ ရှိပါသလား? အခိုင်အမာ ဖြေကြားပေးပါ။

ကျွန်တော်သည် ကရင်မိခင်နှင့်ဖခင်မှ ဖွားမြင်လာသည့် အတွက် ကျင့်စရာမလိုပဲအလိုအလျှောက်ကရင်လူမျိုး ဖြစ်ရပါသည်။ ထိုနည်း၎င်း ယေရှုသည် လူသားထဲမှ ကျင့်ကြံအားထုတ်ကာ ဘုရားဖြစ်လာ ခဲ့ခြင်းမဟုတ်ပါ။ ဘုရားစဉ်စစ်မှ လူ့ဇာတိ ခံယူခဲ့ခြင်းဖြစ်လို့ နောင်တွင် အံ့သြဘွယ်ပုဂ္ဂိုလ်များ ပေါ်လာပါဦးမည်၊ သို့သော် သေချာတာ တစ်ခုက ယေရှုကိုတော့မည်သူကမျှ ကျော်လွန်နိုင်လိမ့်မည် မဟုတ်ကြောင်း ပညာရှင် များက ဆိုကြပါသည်။

၎. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်း မှန်ကို ရှင်းပြပါ။

လူသည်ကိုယ်ပိုင် အစွမ်းအစနှင့် ကိုယ်ပိုင် အဆင်းသဏ္ဍာန်ကို ပိုင်ဆိုင် ကြသော သူများအဖြစ် ဘုရားက ချီးမြောက်ထားပါသည်။ လူသား တိုင်းတွင် အားသာ ချက် ကိုယ်စီရှိကြပြီး ဘုရားက လူသားတစ်ဦး ချင်းစီတိုင်းကို အရေးကြီးသော ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်အသုံးပြုလို၍ ဖြစ်ပါသည်။

၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?

အရာအားလုံးကို အကောင်းဆုံးအတွက် ဖန်ဆင်းထားပြီး ထိုဖန်ဆင်းသမျှ လက်ရာတော်များကို ကြည့်ရှုဆင်ခြင်လျက် ဖန်ဆင်းရှင် ဘုရားကို သိမြင် ချီးမွမ်း ကိုးကွယ် နိုင်ဖို့ရန်ဖြစ်ပါသည်။ ထို့ကြောင့် နက္ခတ္တပညာရှင် John Glenn 1921 က ဘုရားရဲ့ဖန်ဆင်းခြင်း လက်ရာတွေကို တွေ့မြင်နေရပြီး ၄င်းအား မယုံကြည်နိုင်ဘူး ဆိုတာတော့ ကျွန်တော့်အတွက်မဖြစ် နိုင်ပါဘူးဟု ဆိုခဲ့ပါသည်။ စကြာဝဌာကြီး ဖြစ်တည် လာမှုနှင့် ပတ်သက်ပြီး အဆို သုံးမျိုးရှိပါသည်။
၁)စကြာဝဌာကြီးသည် ထာဝရတည်သောအရာ ဖြစ်ကြောင်းကို သိပ္ပံပညာ ရှင်များက လက်မခံပါ၊ ဖြစ်တည်လာသော အချိန်တစ်ချိန် ရှိခဲ့ပါသည်။
၂) ဘာမျှမရှိရာမှ တဖြည်းဖြည်းဖြစ်ပေါ် လာသည်ဟူသောအဆိုကို ဒဿန ပညာရှင် များက လက်မခံပါ။ ဘာမှမရှိက ဘာမှလည်း ဖြစ်မလာနိုင်ပါ။
၃) စကြာဝဌာကြီး၏ အပြင်ဖက်မှ တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦးက ဖန်တီး ထိန်းချုပ်ထားသည် ဟူ၍ဖြစ်ပါသည်။ ရေမရှိပဲငါးမရှိနိုင်သကဲ့သို့ ဘုရားမရှိပဲ လူသားနှင့် စကြာ်ဝဌာကြီးမရှိနိုင်။

၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုး မျိုး ကြုံတွေ့နေရပါသည် ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ် သည်မှာ အနန္တတန်ခိုးတော်မရှိလို့ ဘာအစွမ်းအစမှမရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါ သနည်း?

မည်သည့် ဘာသာတရားမျှမရှိမှီ ဆင်းရဲခြင်းအမျိုးမျိုးကို ဖြစ်စေသော အပြစ်တရားနှင့် သေခြင်းတရားက လောကကြီးတွင် အရင်ရှိနှင့်ပြီ ဖြစ်ပါသည်။ ထိုတရားလောကကို ဘယ်လိုဝင်ရောက် လာပါသလဲ ဆိုသည်ကိုသိပါက အဖြေရှိပါသည်။

၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာ ကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေးသလား ဆင်းရဲပေးသလား ဆိုတာ ဖြေကြားပေးပါ။

လူလေးမျိုး ရှိပါသည်။ ဘုရားရှေ့ လူရှေ့တွင် ချမ်းသာသူ၊ ဘုရားရှေ့ လူရှေ့တွင်ဆင်းရဲသူ၊ လူတို့ရှေ့တွင် ချမ်းသာပေမည့် ဘုရားရှေ့တွင် ဆင်းရဲသူနှင့် ယေရှု၏နောက်လိုက် တမန်တော်များကဲ့သို့ လူတို့ရှေ့တွင် ဆင်းရဲပေမည့် ဘုရားရှေ့တွင် ချမ်းသာသောသူဟု တွေ့ရပါသည်။ ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း အကြောင်းက ဘ၀အဓိပ္ပါယ် ရှိစွာ အသက်ရှင်ဖို့ ရန်အတွက် အဓိကမကျပါ။

၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုး ကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? ထာဝရဘုရား၏ မေတ္တာကို ရှင်းပြပါ။   

 ဒုက္ခဆိုးကြီးရောက်ဖို့ ဘုရားအလိုမရှိပါ။ ဘုရားသခင်၏ အလိုတော်မှာ လူသားတိုင်း ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိဖို့ရန် အလိုရှိတော်မူ၏။ ၁တိ ၂း၎။ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီ သားတို့ကိုချစ်တော်မူ၏။ ယော၃း၁၆၊ လူသားအားလုံး၏ အပြစ်အတွက် ကိုယ်စား ယေရှုဘုရားကားတိုင်ပေါ်တွင် အသေခံစဉ် လက်နှစ်ဖက်  ဘေးသို့ ဆန့်ထားပုံမှာ လူသားများကို ဤမျှချစ်သည်ဆိုသည့် သင်္ကေတနှင့် သင်ခံရမည့် အပြစ်ဒဏ်ဤမျှ ကြီးမားသည် ဆိုသည့် အကြောင်းကို ဖေါ်ပြခဲ့ပါသည်။

၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ ငြင်းချက်မရှိသေချာပါ၏ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရဘုရားက ဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ ထာဝရဘုရားပင်ဖြစ် မနေ ဘူးလား? ကျေးဇူးရှင် ဟုခေါ်မလား? စဉ်းစာပြီးဖြေကြည့်ပါ။ 

လူသည် ဘယ်ကဆင်းသက်လာပြီး ဘာအတွက်လောကတွင် အသက်ရှင် နေရကာ ပြီးရင် ဘယ်ကိုပြန်သွားရမှာလဲ ဆိုသည့် အကြောင်း ရင်းကို သိပါက ဘုရားကို ကျေးဇူးရှင်ဟု ခေါ်ဆိုလာပါလိမ့်မည်။

၁၀. ထာဝရဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါ သလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေးပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူ ငြင်းနိုင်ပါ သနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။

ဥစ္စာပေါ၊ ရုပ်ချော၊ ဂုဏ်ပကာသနရှိသူတိုင်း စစ်မှန်သော သုခချမ်း သာ ရှိပြီဟု ဆိုနိုင်ပါသလား။ စစ်တမ်းတစ်ခုအရ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်နိုင်သူများမှာ ဆင်းရဲသားများဖြစ်ကြပြီး ချမ်းသာသူအများစု ကတော့ ချမ်းသာမှု အတိုင်းအတာနှင့် အညီ စိတ်မချမ်းသာမှုကို ရကြပါသည်။ စစ်မှန်သော သုခချမ်းသာသည် မျက်မြင်ရသော အရာတို့အပေါ်တွင် မမူတည်ပဲ မျက်မြင်မရသော လူတို့၏ မနောအပေါ်တွင်သာ တည်ပါသည်။

၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျက် ဘာကြောင့် လူ့ဘ၀ကို ကြမ်တမ်းစေသနည်း? မအို မနာ မသေသော ကောင်းကင်နိုင်ငံ တော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေ သနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင်သုံးနှုံး ဖြေကြားပေးပါ။

ဘုရားဖန်ဆင်းစက အိုနာသေခြင်းကင်းသည့် ဧဒင်ဥယျာဉ်တွင် ထား ထား သော် လည်း လူသည်ဘုရားကဲ့သိုဖြစ်ချင်သည့် အတွက် အပြစ်တရားဝင်လာကာ အိုနာသေခြင်း၏ အကျိုးဆက်ကို ခံစားရခြင်းဖြစ်ပါသည်။

၁၂. ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တော တောင် လူတိရိစ္ဆာန် တို့ကို ဖန်ဆင်းခဲသည်ဟု ဆိုသည် သို့သော် ထိုထိုသော သက်ရှိ တို့ အသက်ရှင်ရေး အတွက် ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌မပါရှိပါ။ ထို့ကြောင့် လေ ကိုဖန်ဆင်း သည်ဟူသောကျမ်း၏စာအုပ် စာမျက်နှာ အထောက် အထားတို့ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
မြေကြီးစွန်းမှ မိုးတိမ်တို့ကိုတက်စေ တော်မူ၏။ မိုးနှင့် တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတိုက်တော်ထဲက လေ ကို ထုတ်တော်မူ၏။ (ဆာလံကျမ်း ၁၃၅း၇)

၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော် အတိုင်းသာ ဖြစ်သည်ဟုဆိုပါက သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီး တဦး၏ အဖြစ်ဆိုးသည် ဘုရာသခင်၏ အလိုတော် အတိုင်းဟု သဘော သက်ရောက်ဖွယ်ရှိပေသည် ဒီလိုဆိုပါက ဘုရားသခင်၏ ဂရုဏာတော်က မည်သို့နည်း?

ဘုရားသည် အရာ အားလုံးကို ၄င်း၏ ဘုန်းတန်ခိုး တော် ထင်ရှားစေခြင်းငှါ ဖန်ဆင်းထားပါသည်။ ငှက်များက ပျံသန်းတေးသီလျက်၊ ငါးများကလည်း ကူးခတ်ဆော့ကစားလျက် ဘုရားဖန်ဆင်းသမျှကို တာဝန်ကျေစွာ အလှဆင်လျက် ရှိပါသည်။ သို့သော်ဘုရားဖန်ဆင်းသမျှကို ဖျက်ဆီးနေသူနှစ်ဦးမှာ မာရ်နတ်နှင့် လူသားများဖြစ်ကြပါသည်။ ၄င်းတို့ အပြစ်၏ အကျိုးဆက်ကြောင့် ထိုကဲ့သို့သော အဖြစ်ဆိုးများနှင့် မွေးရာပါ အင်္ဂါချို့တဲ့သူများ ရှိနေရခြင်းဖြစ်ပါသည်။

၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့၏ ဥပမာ သင့်အပေါ် စော်ကားချင်တိုင်း စော်ကား သော လူယုတ်မာသည် အပြစ်မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၏ ဘုရားသခင်သည် လူယုတ်မာ ၏ အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်ကယ်တင်ခဲ့ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား? ရှင်းပြပါ။  ဥပမာ – သင်ကိုယ်တိုင် ဆူး ကို တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မူ့ဒဏ်ကို ဘုရားသခင် ခံစားပါ သလား။ သင်ခံစားပါသလား။ အဓိပ္ပါယ် ရှိအောင်ဖြေကြားပေးပါ။

ဘုရားသည် ဖြောင့်မတ်သည့်အတွက် အပြစ်ရှိသည် အလျှောက် မျက်နှာ မလိုက်ပဲ စီရင်တော်မူ၏။ သစ္စာရှင် ဖြစ်သည့်အတွက် ကောင်းမြတ်သူအလျှောက် ဆုပေးတော်မူတတ်၏။ မေတ္တာရှင် ဖြစ်သည့် အတွက် မိမိအပြစ်မှ အမှန်တကယ် နောင်တရသူအား ခွင့်လွှတ် တော်မူခြင်းငှါ တတ်စွမ်းနိုင်သည့် ဂရုဏာရှင်လည်း ဖြစ်တော်မူ၏။ ထိုဘုရားက စီရင်ရာနေ့ကြီး ရောက်လာလျှင် လူတို့သတ်မှတ်သည့် အရှင်များ ဘုရားများအားလုံးကိုပါ စီရင်မည့်အကြောင်း သမ္မာကျမ်းစာ တော်မြတ်တွင် ဆိုထားပါသည်။

၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော်ဖြင့် ပြန်လည် ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်း နိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်က မည်သို့နည်း?

လူကိုဖန်ဆင်းကတည်းက လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်နှင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားသိမြင် တတ်သော အသိဥာဏ်ကိုလည်း ပေးထားပါသည်။ လူ၏ ရွေးချယ်ပိုင်ခွင့် ကိုကျော်လွန်ပြီး ဘုရားက ဘာတစ်ခုကိုမျှ အတင်း အကျပ်မလုပ်ပါ။ ထိုရွေးချယ်ခွင့်ဖြင့် လောကတွင် လူယုတ်မာ ရှိသလို မြင့်မြတ်သောသူတော်ကောင်း များလည်း ရှိကြပါသည်။ မိမိ၏ ခံစားတတ်သောနှလုံးသား၊ ဆင်ခြင်တတ်သော အသိဥာဏ်၊ နှိမ့်ချတတ်သော စိတ်တို့ဖြင့် မိမိ၏ အရှင်သခင်အစစ်အမှန်ကို ရွေးချယ် ကိုးကွယ်လာဖို့ ဘုရားရှင်မှအလိုရှိသလို တွေ့ရှိဖို့သက်သေများလည်း အခိုင်အမာ ရှိနေပါသည်။

၁၆.ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါး ရှာ၍ ပြည့်စုံခြင်းကို ဘုရားပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။သင် မရှာထားပါက အစားအစာရပါမည်လော သင်စီးပွါးမရှာပါက ပြည့်စုံပါမည် လား ထိုသို့ (စားရခြင်း၊ ပြည့်စုံရခြင်းအကျိုး တရားတို့တွင်ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။

ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင်ရာ ရောက်မနေ ဘူးလား၊ သဘာဝ ကျအောင် စဉ်းစား ဖြေကြားပေးပါ။
လူတို့ ကြိုးစားရှာဖွေတိုင်း ရကြပါသလား၊ ကြိုးစားစိုက်ပျိုးတိုင်း စားကြရပါ သလား။ သိပ္ပံပညာရှင်များကငှက်ပျောသီး အမှည့်နှင့် အစိမ်းနှစ်မျိုးကိုတစ်ထပ်တည်း တူအောင် လုပ်နိုင်သော်လည်း စိမ်းရာမှ မှည့်လာဖို့ မလုပ်နိုင်ကြပါ။ လောကဓါတ် တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်လျက်ရှိတော်မူ၏။ ထို့ကြောင့် အရာ အားလုံး အတွက် ဆင်ခြင်တတ်သူက အရာအားလုံးကို ထိန်းချုပ် ပေးပိုင် တော်မူသောဘုရားအား ကျေးဇူးတင်တတ်ကြပါသည်။

၁၇.ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်) စကြာသဠာ အနန္တဟူသော မရေတွက်နိုင်သော ဂြိလ်အမျိုးမျိုး ကမ္ဘာအမျိုး မျီုးရှိနေကြောင်း သိပ္ပံစမ်းသပ်မူတွေ၌ ဖော်ပြနေတာကို အဘယ်သို့ဖြေရှင်း မည်နည်း၊

ထာဝရဘုရားသည် ခပ်သိမ်းအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ (ယော ၁း၁-၃။)
၁၈. ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာ သို့ရောက် ရှိနေခြင်း ရောက်ရှိ လာခြင်းတွေကို သိပ္ပသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ထိုဂြိလ်သားများကို ထာဝရဘုရား ဖန်ဆင်းခဲ့သလား ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်း အထောက်အထား ခိုင်လုံစွာ ဖြင့် ဖြေကြားပေးပါ။
ထိုဂြိုလ်သားများ ရှိခြင်းသည် ဒဏ္ဍာရီဆန်ဆန်သာ တည်လျက် ရှိပြီး သက်သေအထောက်အထား အခိုင်အမာ မရှိပါ။

၁၉.သိပ္ပံစမ်းသပ်မူတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရ ဘုရား၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေပါသည် ထို့ကြောင့် သိပ္ပပညာက မှားသည်ဟုပြောမလား ဖန်ဆင်းရှင်ဝါဒ မှားသည် ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။

ယခင်က ထိုသို့ထင်သော်လည်း စကြာဝဌာကို အမှန်တကယ် လေ့လာကြည့် သောအခါ သိပ္ပံပညာရှင်များသည် ၄င်းတို့၏ တတ်စွမ်း သောပညာက ဖေါ်ပြ နိုင်သည်ထက် စကြာဝဠာကြီးသည် အဆုံးအစမရှိ ဖေါ်မပြနိုင်လောက်အောင် နက်နဲ ကျယ်ပြန့်ကြောင်း ထုတ်ဖေါ်ဝန်ခံလျက် ဘုရားရှိကြောင်း ၀န်ခံခဲ့ကြပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ပေါ်ထွန်း အောင်မြင်ခဲ့သည့် သိပ္ပံပညာရှင် ၃၀၀ ဦးအနက် ၉၂% သည် ခရစ်ယာန်များ ဖြစ်ကြပါသည်။

၂၀.ထာဝရဘုရားဆိုတာဘယ်သူပါလဲ ဘာကြောင့်ကိုယ်စားလှယ် သားတော် လွတ်ရ သလဲ။ အဘယ်ကြောင့် လောကတွင်းသို့ မဆင်း သက် သလော။    

သားတော်ယေရှုက င့ါကိုမြင်သောသူသည် ထာဝရဘုရား ကိုမြင်၏ဟု မိန့်တော်မူခဲ့ပါသည်။ (ယော ၁၄း၉)

၂၁. ထာဝရဘုရား၏ ရုပ်ပုံလွာတွင် ဆံပင်မွေးညင်းသည် ဖြူဖွေးသော နှင့်ပွင့် နှင့်တူ၏။မျက်လုံး (၇) လုံးပါရှိ၏။ဦးဂျို (၇) ချောင်းရှိ၏။ ပါးစပ်တွင် အသွား နှစ်ဖက် ပါသော ဓားရှည်တစ်ချောင်းပါပြီး ခြေထောက်တော်နှင့် လက်တော် တို့တွင် မီးရဲရဲဖုတ်ထား သော ကြေးဝါရောင် ရှိသည်ဟု (ကျမ်းစာ တို့တွင် အတိအကျဖော်ပြထားပါလျက်) အဘယ့်ကြောင့် တရားဟောရာတွင် ထည့်မဟောပဲ ၀ိညာဉ်တော်ဟူ၍ ဖုံးကွယ် ထားသည်ကို ရှင်းပြပါ။ ဤသို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လို ဆက်စပ်၊ ကြည်နူးစွာ ကြည်ညိုပါ သနည်း။

အထက်ပါကျမ်းသည် အနက်အဓိပ္ပါယ်ဖွင့်ဆိုရသော ဗျာဒိတ်ကျမ်း ဖြစ်ပြီး ဗျာဒိတ် အနက်ဖွင့်ကျမ်း စာအုပ်တွင် လေ့လာနိုင်ပါသည်။

၂၂.ဓမ္မသစ်ကို မည်သူဟော၍၊ဓမ္မဟောင်းကိုမည်သူ ဟောပြောပါသနည်း။ ၄င်းပုဂ္ဂိုလ် နှစ်ဥိး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင် နေပါသနည်း။    

ဆန့်ကျင်မှုမရှိပါ။ ဓမ္မဟောင်းကျမ်းသည် လူတို့၏နှစ်ပေါင်း လေးထောင်ခန့် အတွင်း အဖြစ်အပျက်ကို မှတ်တမ်း တင်ထားပြီး ဓမ္မသစ် ကျမ်း ကိုမူယေရှုပေါ်ထွန်းပြီး နှစ်တစ်ရာအတွင်း အဖြစ်အပျက်ကိုသာ မှတ်တမ်းတင်ထားခြင်းဖြစ်သည့် အတွက် မတူညီဟု ထင်ရ သော်လည်း ဘုရား၏ သဘောတော်ကတော့ အတူတူသာလျှင် ဖြစ်ပါသည်။

၂၃. စာရေးဆရာ ဆန်းလွင် ရေးသားသောရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ် လာသူ တစ်ယောက်အကြောင်း စာအုပ်မှ ခရစ်ယာန်
ဝါဒ၏  ကောက်နုတ်ချက်များကို ဖြေရှင်း နိုင်ပါသလား။

အစ္စလမ်မှခရစ်ယာန်၊ ခရစ်ယာန်မှဗုဒ္ဒဘာသာသို့ ကူးပြောင်း လာသူ ဆရာဆန်းလွင်သည် ဧဒင်ဥယျာဉ်တွင်းမှ အာဒံနှင့် ဧ၀သည် အသီးကိုစားမိပြီး ၄င်းတို့နှစ်ဦးအား သေဒဏ် စီရင်တာကို လက်မခံနိုင် သလို ထို့ထက် ၄င်းတို့မှ ဆင်းသက် လာသောလူသား မျိုးနွယ် ဆက်ကိုလည်း သေဒဏ်စီရင်တယ်ဆိုတာကို နားမလည် လက်မခံ နိုင်ကြောင်း ဆိုထားပါသည်။ ဘုရားသည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး လူကိုတော့ သူ့သဏ္ဍာန်တော်နှင့် အညီဖန်ဆင်းပါသည်။ ထို့ကြောင့် ဘုရားမှာတရားရှိသလို လူမှာလည်းတရားရှိဖို့နှင့် တရားမဲ့သော တိရစ္ဆာန်များနှင့် မတူရန် ဥယျာဉ်အလယ်ရှိ ထိုအပင်၏ အသီးကို မစားရန် ပညတ်ခဲ့ပါ သည်။ သို့သော် လူသည် မာရ်နတ်ရဲ့စုံစမ်းချက်အတိုင်း ဘုရားကဲ့သို့ဖြစ်ချင်၍ ယူ၍စားသောအခါ အပြစ်တရား ၀င်လာပြီး သန့်ရှင်းသော ဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။ ထိုအပြစ်ရှိသော လူသားတို့မှ ဆင်းသက်လာသော လူသားမျိုးနွယ်ဆက် တစ်ခုလုံးလည်း ဘုရားနှင့် အဆက်ပြတ်ခဲ့ရပြီး အပြစ်သားများ အဖြစ် လောကသို့ ရောက်ရှိလာခဲ့ကြ ပါသည်။ ထို့ကြောင့် လူသည် မွေးကတည်း က လောဘ ဒေါသ နှင့် မောဟတို့ ပါလာသော အပြစ်သားများ ဖြစ်ကြပါသည်။ အပြစ်သား ဖြစ် သည့် အတွက် အပြစ်ကို သင်ပေးစရာမလိုပဲ ပြု တတ်ကြ ပါသည်။ မျိုးရိုးဗီဇ ပညာရှင်များက လူ့အတွင်းမှ ထိုမွေးရာပါ ဗီဇကို ပြုပြင် ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါ။ ထိုမွေးရာပါ လောဘ ဒေါသ မောဟတို့သည် သေသည့်တိုင်အောင် စွဲနေသော လူတို့၏ ရောဂါနှင့် တူပါသည်။ ၄င်းကိုချုပ်ငြိမ်းဖို့ ကြိုးစားသူ သည် ကျောက်ခဲထဲမှရေထွက်လာရန် ညှစ်ထုတ်ဖို့ ကြိုးစားသူနှင့်တူပါသည်။ နောင်ဘ၀ထိ ကြိုးစားလည်း မရနိုင်ပါ။ လူသည် အပြစ် နည်းသည်နှင့် များသည်သာကွာပြီး အပြစ်သားများ သာဖြစ်ကြပါ သည်။ ထိုအပြစ် အတွက် လူသားတိုင်းတစ်နေ့ သေရကာ ငရဲသို့သွားရမည် ဖြစ်သော်လည်း ထာဝရဘုရားက အလိုမရှိပါ။ထို့ကြောင့်လူ့ဇာတိကို ခံယူ ခဲ့ပါသည်။ လူသားအားလုံး အတွက် ကိုယ်စားအသေခံပြီး သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ထာဝရဘုရားက လူတို့ကို သေရမည်ဟု စီရင်ခဲ့သည်မှန်သော်လည်း ထိုသေခြင်းကို ဘုရား ကိုယ်တိုင်က ပဲ ကိုယ်စား ခံယူပေးခဲ့ ပါသည်။ အပြစ်တရားရဲ့ အကျိုးဆက် ဆင်းရဲခြင်းနှင့် ဒုက္ခဝေဒနာအားလုံးကိုလည်း ယေရှုဘုရားက လက်ဝါး ကားတိုင်ထက်တွင်ကိုယ်စား ခံယူပေးခဲ့ပြီး ဖြစ်ပါသည်။ ဘုရားသည် တရားပါသည်။ သင်သည်ရွေးချယ်ပိုင်ခွင့်မရှိပဲ အပြစ်သား အဖြစ် လောက သို့ ရောက်ရှိလာခဲ့ရသလို သင့်ရဲ့ ကြိုးစားကျင့်ကြံ အားထုတ်မှု ဘာတစ်ခုမျှ မပါပဲ ဘုရားက ကယ်တင်ပေးခဲ့ပြီးဖြစ်ပါသည်။ သို့သော် သင့်အပိုင်းက လက်ခံ ယုံကြည် ဖို့တော့ လိုပါသည်။ သင့်ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ကို ကျော်လွန်ပြီး ဘုရားက အတင်းအကြပ် လက်ခံယုံကြည်ခိုင်းမည် မဟုတ်ပါ။

၂၄.ခရစ်ယာန် ဘာသာတွင်ရှေးဘ၀၊ နောက်ဘ၀ရှိပါသလား။
မရှိပါ။
လူသည် တစ်ခါတည်းသေ၍ တရား စီရင်ခြင်းကို ခံရကာ ထာဝရ ကောင်းကင်နှင့် ငရဲ နှစ်လမ်းတည်းသာရှိပါသည်။ ပြစ်ဒဏ်တစ်ခုကို စီရင်ရာတွင် လွတ်စေနှင့် ကျခံစေနှစ်မျိုးသာ ရှိပါသည်။ ထောင်လည်း မကျ အိမ်သို့လည်းမပြန်ရပဲ ၃၁ နှစ်အိမ်နှင့်ထောင်ကြားတွင် လည်စေဆိုသည့် စီရင်ချက်မျိုးသည် ယုတ္တိ ရှိပါမည်လား။ လူဝင်စားနှင့် သရဲတစ္ဆေများ တို့သည် မာရ်နတ်၏ အယောင်ဆောင် လှည့်ဖြားမှုများသာ ဖြစ်ပါသည်။ လူဝင်းစားဆိုသူအား ထိုသူ၏ အထဲမှ မာရ်နတ်ကို ယေရှုနာမဖြင့် မောင်းထုတ်လိုက်လျှင် ထိုသူသည် ၄င်း၏ဘ၀ဟောင်းကို မပြောနိုင် တော့သော သာမာန်လူသာ ပြန်ဖြစ်သွားပါသည်။ မာရ်နတ်သည် တချိန်က ကောင်းကင်တမန်မင်း တပါးဖြစ်ပြီး ဘုရား၏နေရာကို လုယူဖို့ ကြံစည်ရာမှ ကောင်းကင်ဘုံမှ နှင်ချခံရကာ ယနေ့ လောကကို အုပ်စိုးသော မုသာ၏ အရှင်သခင်ဖြစ်ပါသည်။ တန်ခိုးနိမိတ် အမျိုးမျိုးကို ပြနိုင်ပြီး စည်းစိမ် ချမ်းသာကို ပေးလျက် လူတို့ကိုးကွယ်မှုမှ လွဲမှားရန် နည်းမျိုးစုံဖြင့် လှည့်ဖျားနေသော ဘုရား၏ ရန်သူဖြစ်ပါသည်။ ငရဲသည် မာရ်နတ်နှင့်နောက် လိုက်အပေါင်းပါတို့အတွက်သာ ဖန်ဆင်းထားခြင်း ဖြစ်၍ လူသားများတို့သည် နောက်လိုက်အရွေးမမှားကြဖို့ အလွန် အရေးကြီး ပါသည်။

၂၅. ခရစ်ယာန် ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံ  တော်သို့ ၀င်ရောက် သွားဖူးသော မိသားစု နှင့် လူပုဂ္ဂိုလ်တို့၏ အမည်နှင့် လိပ်စာ ရှိခဲ့ဘူးပါ သလား။ယခု ရှိနေပါလျှင် လိပ်စာ နှင့် နာမည် အတိအကျ သက်သေဖော်ပြပါ။

ယနေ့ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသော လူများစွာတို့၏ သက်သေခံချက်များ ရှိသော်လည်း ထို့ထက်ခိုင်လုံသောသူ တစ်ဦးရှိ ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် တန်ခိုးသြဇာအလွှမ်းမိုးဆုံး စာအုပ် ဖြစ်သည့် ၆၆ ကျမ်းပါ သမ္မာကျမ်းတွင် ရှင်ပေါလုမှ ၁၃ ကျမ်းခန့်ကို ရေးသားခဲ့ပြီး ခရစ်ယာန် ဘာသာကြီး ထွန်းကားလာဖို့ ဘုရား၏ အဓိက အသုံးတော်ခံရသူအဖြစ် ကမ္ဘာမှ မှတ်တမ်းတင်ခံရသူဖြစ်ပါသည်။ ၄င်းသည် ဘုရားရှိရာ တတိယ ကောင်းကင်နိုင်ငံတော်အထိ ရောက်ရှိ မြင်တွေ့ ခံစားခဲ့ရသော သမိုင်းဝင် ပုဂ္ဂိုလ်မြတ်ဖြစ်ပါသည်။ (၂ ကော ၁၂း၂-၄)
ကျွန်တော်သည် ဘာသာရေးစာပေများကို လေ့လာကြည့်သော အခါ ယေရှုဘုရားသည် တိဘက်ဘုန်းကြီးထံတွင်သွားရောက်၍ တပည့်ခံခဲ့ ကြောင်း ဖတ်ခဲ့ရပါသည်။ တိဘက်တိုင်းပြည်ကို ဘုရင်ဆရိုကျန်းက အေဒီ ၇၀၀ ကျော်မှတည်ထောင်ခဲ့ပြီး ထိုဒေသဖက်လို့ ဗုဒ္ဒသာသနာသည်လည်း အေဒီ ၆၅၀ ခန့်မှ ရောက်ရှိခဲ့ပါသည်။ ယေရှုသည် အေဒီ ၃၀ ကတည်း က မိမိကြွမြန်းလာရာ ကောင်းကင် ဘုံသို့ပြန်သွားခဲ့ပြီဖြစ်ပါသည်။ ထို့နောက် ယေရှုအိန္ဒိယသို့သွားခြင်း၊ ခရစ်ယာန်များ ရှုံးသွားသည် ဆိုသည့် ကျောက်ကွင်း ၀ါဒပြိုင်ပွဲပါ အကြောင်းအရာများအားလုံး လွဲနေပါသည်။     ထိုဝါဒပြိုင်ပွဲပါ အကြောင်းအရာတွင် ဘုရားသခင်သည် ပထမနေ့ မှာ ကောင်းကင် နှင့်မြေကြီးကို ဖန်ဆင်းသည်ဆိုသည့်ကျမ်းစာလွဲမှားမှု၊ လူတစ်ဦး၏ အပြုအမှုအဆိုအမိန့်ထက် မွေးနေ့ကိုအတိအကျသိမှ အသိအမှတ်ပြု နိုင်မည် ဆိုသည့် အမြင်ကျဉ်းမှု ၊ သမ္မာကျမ်းကို လူများက လုပ်ကြံပြုပြင် ရေးသားခဲ့ကြကြောင်း လွဲမှားသော စွပ်စွဲမှု၊ မကောင်းသည့် ခရစ်ယာန်များကို ထောက်ပြဝေဖန်ပြီး ဘုရားကိုလည်း ဝေဖန် ထားမှု၊ အနက်ဖွင့်ကျမ်းတစ်ပိုဒ်ကိုယူပြီး ဘုရားသည် ကြောက်မက်ဘွယ် သဏ္ဍာန် ရှိကြောင်းဆိုကာ တဆက်တည်း မီးခွက်ခုနှစ်လုံး၏ အဓိပါယ်မှာဆိုသည့် ကျမ်းဆက်ကိုမူ ချန်ထားခဲ့မှုတို့ ဖြစ်ပါသည်။ ထို မုသာ စာပေများ တို့သည် အမှန်တရားကိုအမှန်တကယ် ရှာဖွေလိုသူတို့ အတွက် အဆိပ်အတောက် စာပေများဖြစ်ပါသည်။
လူသည်တစ်နေ့ကို အတွေးပေါင်း နှစ်သောင်းခန့်တွေးခေါ် တတ်ကာ ထိုအတွေးထဲတွင်လည်း လောဘ ဒေါသ မောဟက မကင်းကြောင်း ပညာရှင်များက ဆိုပါသည်။ ထို့ကြောင့် အသက်ကြီးလာလေ အပြစ်ကြီးလာလေဖြစ်ပြီး တရားဓမ္မပိုသိ၍ စောင့်ထိန်းရန် သီလများ များလာလေ မကျင့်နိုင်သောလူ့သဘာဝအရ အပြစ်က ပိုများလာလေပင် ဖြစ်ပါသည်။ ထို့ကြောင့် တရားက လူကို မကယ်နိုင်ပါ၊ ဘုရားက သာလျှင် လူကိုအပယ်မှ ကယ်တင်နိုင်သောကြောင့် တရားပေးသည့်ဘုရားနှင့် အသက် ပေးသည့် ယေရှုဘုရားအား အဘယ်အရှင်သည် မိမိ၏တမလွန်အတွက် စိတ်ချရာဖြစ်သည်ကို မှန်ကန်စွာရွေးချယ်လျက် ကိုးကွယ်တတ်ကြဖို့ အရေးကြီးပါသည်။ ယေရှုဘုရား၏ လူသားတို့အတွက်ပြုပေးသော အမှုကြီး နှစ်ခုမှာ လူတို့ကိုအပယ်ငရဲမှ ကယ်တင်ခြင်းနှင့် လူသားများကောင်းသော အကျင့်ကို စံနှုန်းထက်ကျော်လွန်စွာ ကျင့်နိုင်ရန် ယုံကြည်သူ၏အထဲမှ ၀ိညာဉ်တော်အားဖြင့် ကူမခြင်းတို့ဖြစ်ပါသည်။ ယေရှုကို ယုံကြည်သူ သည် ကောင်းရာဘုံသို့ရောက်ဖို့ ကောင်းသော အမှုကို ပြုသောသူမဟုတ်ပဲ ကောင်းကင်နိုင်ငံသား ဖြစ်သည့်အတွက် ကောင်းသော အမှုကို မပြုပဲမနေနိုင်သူအဖြစ် မနောပြောင်းသွားပါသည်။ လူတို့ကို အပယ်ငရဲ မှပင် ကယ်တင်ခဲ့သော ဘုရားသည် လောကီဒုက္ခဆင်းရဲ အပေါင်းမှလည်း ကယ်တင်မပေးပဲ အဘယ်သို့နေတော်မူမည်နည်း။  ယေရှုက ၀န်လေး၍ ပင်ပန်းသော သူအပေါင်း တို့ င့ါထံသို့လာကြ လော့၊ ငါသည် ချမ်းသာ ပေးမည်။ ချစ်ခြင်းမရှိသောသူသည် ဘုရားကိုမသိ၊ အကြောင်းမူကား ဘုရားသခင်သည် cဖစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ (၁ ယော ၄း၈)
_ ရွှေပေး
Categories:

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!