Saturday, February 14, 2015

Facebook သုံးချင်း၏ ဆိုးကျိုးများ


ဖေ့စ်ဘွတ်ခ် စာမျက်နှာကို မကြာခဏ refresh လုပ်ပြီး နောက်ဆုံးရ သတင်းတွေ၊ notification တွေကို တစ်ခုမှာ လက်လွတ်မခံ လိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲ ဖေ့စ်ဘွတ်ခ် ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့ အထိ ဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလို ဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကို ခံစားနေရပါလိမ့်မယ်။

၁။ ကိုယ့်ကိုယ်ကို တန်ဖိုးထားလေးစားမှုများ လျော့နည်းလာခြင်း
Status တစ်ခုတင်လိုက်ပြီး တစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲ ရနေချိန်မှာ သူငယ်ချင်းတွေရဲ့ Status က like တွေအများကြီး ရနေတာကို မြင်တွေ့နေရင် စိတ်ထဲမှာ မတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလို ခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်က ရုပ်သွင်သဏ္ဍာန်ကို တခြားသူတွေနဲ့ ယှဉ်နှိုင်း ဝေဖန်ခံရပြီး မကောင်းတဲ့ အမြင်နဲ့ ရှုံ့ချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံ့ချဝေဖန်ခံရတာများလို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထင်တိုင်းကြဲ လုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲ မနည်းတော့ပါဘူး။

၂။ လူအများရဲ့ အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း
ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀ မိနစ်ခြား တစ်ခါလောက် notification တတ်မတတ် စောင့်ကြည့်နေပြီး နာရီဝက်လောက်ကြာမှ notification တစ်ခု တတ်လာတာကို ဝမ်းသာအားရ ဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက် အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကို ရယူဖို့ စောင့်ဆိုင်းပြီး အချိန်ကုန်လွန်နေတတ်ကြတာ ဆယ်ကျော်သက် လူငယ်တွေ အများဆုံး ဖြစ်တတ်ပါတယ်။

၃။ ကိုယ်ရေးကိုယ်တာ အချက်အလက် နှင့် ဆက်စပ်သော သောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေ အပေါင်းအသင်း၊ ချစ်သူ ရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိက အတွင်းရေးအနေနဲ့ ထားရှိကြပြီး အပြန်အလှန် ရိုသေနားလည်မှုတွေ အရင်က ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာ မရှိတော့ပါဘူး။ လူကြီး မိဘတွေက ဘယ်လိုစိတ်အနှောက်အယှက် ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ သူငယ်ချင်းက နောက်ကွယ်မှာ ဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက်တွေ ထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေ လုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီး တကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူ ရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းက အဆိုးဆုံးပါပဲ။ မျိုးစုံသော နည်းလမ်းတွေနဲ့ အချိန်တိုင်း ထောက်လှမ်း စစ်ဆေးတာတွေကို ကြုံတွေ့နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။

၎။ အွန်လိုင်းပေါ်က ရန်ငြိုးဟောင်းများ
အွန်လိုင်းပေါ်က တချို့လူတွေက စိတ်အနှောက်အယှက် အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိ အလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီး စကားပြန်မပြောရင် ဆဲရေးတိုင်းထွာ လုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်း စကားများ ရန်ဖြစ်ပြီး အညှိုးအတေး ထားရှိပြီး အပြင်လောကမှာ ကိုယ်ထိလက်ရောက် အနာတရရအောင် ပြုလုပ်တဲ့ အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာ မသိတဲ့သူတွေနဲ့ စကားမပြောပဲ နေတာက ပိုပြီး လုံခြုံစိတ်ချရပါတယ်။

၅။ စွဲလန်းမှု
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ် ရှိနေနိုင်လို့ ဖေ့စ်ဘွတ်ခ်က တချို့ လူတွေအတွက် နေ့စဉ် ဘဝမှာ မရှိမဖြစ် လိုအပ်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် လူငယ်တွေက ဖေ့စ်ဘွတ်ခ်ကို သူတို့ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်း ရူးသွပ်ပြီး အချိန်တွေကို ဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက် သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ် စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။
Knowledge Box

0 comments:

Post a Comment

Subscribe to RSS Feed Follow me on Twitter!